မိုးကုတ်တွင် ဂတ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား၊ အမျိုးသား (၄)ဦး မီးလောင်ဒဏ်ရာရ
မိုးကုတ်၊ စက်တင်ဘာလ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် ဂတ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၄)ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်နေ့ နံနက် (၈း၄၅)နာရီအချိန်၌ မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်သည် အမျိုးသား (၄)ဦးမှ ဂတ်အိုးဖြင့် ထမင်းချက်ရာတွင် ပေါက်ကွဲပြီး နေအိမ်မီးလောင်သွားခဲ့ပါသည်။
ထိုနေအိမ်မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ကိုအောင်ကျော်ကျော်၊ ကိုမျိုးလှိုင်ဝင်၊ ကိုရှိုင်ထက်အောင်နှင့် ကိုစောရန်နိုင်တို့၏ ကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာရရှိပြီး နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့သည်။
အဆိုပါမီးလောင်နေစဉ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများနှင့်အတူ ပြည်သူလူထုများ ဝိုင်းဝန်းပြီး (၈း၅၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ (၁၂)မိုင်ကျေးရွာ၌ လမ်းတွင်ပျက်နေသည့်ကားတစ်စီးကို ဆွဲပေးရန်ပြုလုပ်နေစဉ် တိမ်းမှောက်သွားခဲ့ပြီး နေအိမ် (၂)လုံးနှင့် ကား (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ