ဩဂုတ်လအတွင်း ကျေးရွာပေါင်း (၃၉)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
တအာင်းပြည်၊ စက်တင်ဘာလ ၃ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဩဂုတ်လတစ်လအတွင်းကျေးရွာပေါင်း (၃၉)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ(၂)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၁၉)ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၁)၊ မိုးကုတ်မြို့နယ်ရှိ ကျေးရွာ (၃)ရွာတို့ဖြစ်ကြသည်။
အဆိုပါမြို့နယ် (၆)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၁၇၂၀)ဦးကို အမျိုးသမီးနှင့် ပညာရေး၊ အမျိုးသမီးနှင့် ပျော်ရွင်သောမိသားစု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့် မူးယစ်ဆးဝါး၊ အမျိုးသမီးနှင့် မိသားစုစီမံကိန်း၊ အမျိုးသမီးနှင့် အမွေးဆက်ခံခြင်း၊ အမျိုးသမီးအပေါ်အကြမ်းဖက်မှုနှင့် ဆယ်ကျော်သက် ပြောင်းလဲမှုစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။
PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းလည်း နမ့်ဆန်မြို့နယ်ရှိကျေးရွာ (၆)ရွာ၊ မန်တုံမြို့ နယ်ရှိ ကျေးရွာ (၁)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၁)ရွာနှင့် မိုင်းလုံမြို့နယ်ရှိ ကျေးရွာ (၁)ရွာတို့ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၅၁၁)ဦးအား အသိပေးပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ