တအာင်းပြည်တွင် သြဂုတ်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု (၄၆)ဦးသေဆုံး၊ သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူလူထု (၅၅)ဦးထိခိုက်ဒဏ်ရာရ
တအာင်းပြည်၊ စက်တင်ဘာလ ၁ရက်
တအာင်းပြည်တွင် သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု (၄၆)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူလူထု (၅၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀၈)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁၂)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ ဓမ္မာရုံ (၁)ရုံ၊ ကား (၇)စီးနှင့် ဆိုင်ကယ် (၃)စီးတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား (၁)ဦးသေဆုံးခဲ့ကာ သံဃာတော် (၃)ပါး၊ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၄၀)အိမ်၊ အဆောက်အဦး (၁)ခု၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၅)ကျောင်းနှင့် ကား (၄)စီးတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
မိုးကုတ်မြို့လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ရည်ရွယ်ချက်ရှိရှိ ပြည်သူများတည်ရှိရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၂)ပါး၊ ကလေးငယ် (၄)ဦး၊ အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး (၁၇)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၁)ပါး၊ အမျိုးသား (၂၀)ဦးနှင့် အမျိုးသမီး (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၈)အိမ်၊ အဆောက်အဦး (၁)ခု၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ စစ်ကောင်စီတပ်သည် သီပေါမြို့ကိုလည်း လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုနေအိမ် (၁၄)အိမ်တို့ ထိမှန်ပျက်စီးသွားခဲ့သည်။
မိုင်းလုံမြို့တွင်လည်း စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးချကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါး၊ အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါး၊ အမျိုးသား (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄) အိမ်၊ ကျောင်းဆောင် (၅)ဆောင်နှင့် ဓမ္မရုံ (၁)ရုံ ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုအပြင် မိုင်းငေါ့မြို့တွင်လည်း စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးချကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၂)ဦး၊ သာမဏေ (၃)ပါးနှင့် အမျိုးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၂) အိမ်၊ ကျောင်းဆောင် (၄)ဆောင်နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၂၇)ဦးသေဆုံးခဲ့ပြီး (၈၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ