1253

ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
11 July 2025

ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရ

ကျောက်မဲ၊ ဇူလိုင်လ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်၏
လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် (၃းဝဝ)နာရီအချိန်၌ ဂျက်ဖိုက်တာဖြင့် ကော်လီဟိုတယ်၊  မြို့မရဲစခန်းနှင့် ခရိုင်ရဲရုံးဘက်တို့တွင်ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့်   အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄)အိမ် ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ ယမန်နေ့လည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာကို  စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချမှုကြောင့် ကလေးငယ် (၂)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၇)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် (၂)ပတ်အတွင်း လေကြောင်းဖြင့် ကျောက်မဲမြို့တွင်(၄)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့တွင် (၁)ကြိမ်နှင့် သီပေါမြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၇)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနှင့် ပြည်သူလူထု (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၀)အိမ်၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်