စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် အရပ်သား(၁)ဦးပွဲချင်းပြီး သေဆုံး
တအာင်းပြည်၊ မေလ ၁၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်နယ်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် အရပ်သား(၁)ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
ဖြစ်စဥ်မှာ မေလ ၁၈ ရက် နံနက်(၈း၀၀)နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အဖ ဦးအိုက်ဆံ၊ အမိ ဒေါ်အေးထွမ်းတို့၏ သားဖြစ်သူ အသက်(၂၇)နှစ်အရွယ် ဦးအိုက်လှိုင်ကို စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သောကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။
တအာင်းတပ်မတော်PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အရပ်သားများကို ပစ်မှတ်ထားပြီးလေကြောင်းနှင့် ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ