စစ်ကောင်စီတပ်မှ မန်တုံမြို့နှင့် မိုင်းငေါ့မြို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ
တအာင်းပြည်၊ မေလ ၁၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည် မန်တုံမြို့ နှင့် မိုင်းငေါ့မြို့တို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်တွင် မေလ (၁၂)ရက် ည(၁၀း၄၅) နာရီအချိန် မန်တုံမြို့ရှိ အောင်ချမ်းသာရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိသည်။ ၎င်းရပ်ကွက်ရှိ ပြည်သူနေအိမ် (၁၁)လုံးလည်း ဗုံးစထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ထိုအပြင် မိုင်းငေါ့မြို့ရှိ တာလုံရပ်ကွက် စာသင်ကျောင်းအနီးတွင် ည (၇း၄၀)အချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
အလားတူ မေလ ၁၁ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တအာင်းတပ်မတော် PSLF/TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်တွင် လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခဲ့သည်။
ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။
#PSLF/TNLA
#သတငးနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ