PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ကွတ်ခိုင်မြို့နယ်အတွင်း ကန့်သတ်ကြိုးဝိုင်း (၇)ခု သတ်မှတ်
ကွတ်ခိုင်၊ မေလ ၁၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ကန့်သတ်ကြိုးဝိုင်း (၇)ခု သတ်မှတ်ခဲ့သည်။
ထိုကြိုးဝိုင်းများသည် ဒေသန္တရဖွံ့ဖြိုးရေးကြိုးဝိုင်းအဖြစ် ကွတ်ခိုင်ကြိုးဝိုင်း (၄၁၅)ဧက၊ ဟိုနားကြိုးဝိုင်း (၅၆၀)ဧက၊ မန်ဂျတ်ကြိုးဝိုင်း (၆၀၀)ဧက၊ နမ့်ဖတ်လွန်ကြိုးဝိုင်း(၃၉၄၀)ဧက၊ ကောင်းလိမ်ကြိုးဝိုင်း (၅၆၈၆)ဧက၊ စီးပွားရေးဖြစ် သစ်ထုတ်ကြိုးဝိုင်းအဖြစ် ခိုတင်ကြိုးဝိုင်း (၃၃၀)ဧက၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်များ ထိန်းသိမ်းရေးကြိုးဝိုင်းအဖြစ် လွိုင်ဆမ်ဆစ်တောင် သဘာဝကြိုးဝိုင်း (၁၅၀၀၀)ဧကတို့ဖြစ်သည်။
သတ်မှတ်ထားသည့် ကြိုးဝိုင်းဧရိယာအတွင်း သစ်ဝါးခုတ်ခြင်း၊ တောမီးရှို့ခြင်းစသည်တို့ကို မပြုလုပ်ရန် သတိပေးဆိုင်းဘုတ်များ လိုက်လံတပ်ဆင်ပေးခြင်းနှင့် ၎င်းနှင့်ပတ်သက်သည့်အကျိုးအကြောင်းများကို ပြည်သူလူထုများထံ တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ပါသည်။
ထိုကြိုးဝိုင်းများကန့်သတ်ရခြင်းသည် ကျူးကျော်ယာခင်းများပြုလုပ်ခြင်း၊ တောင်ယာများ ထပ်မံချဲ့ထွင်ခြင်း၊ အဖိုးတန်သစ်ပင်များခုတ်ခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနှင့် တရားမဝင် ရွှေတူးဖော်မှုများအားလုံးကို ကာကွယ်ရန်ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၆ရက်နေ့တွင်လည်း သီပေါမြို့နယ်အတွင်းရှိ သီပေါကြိုးဝိုင်းနှင့် ကွမ်းလုံကြိုးဝိုင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားတွင် သတိပေးဆိုင်းဘုတ်များကို လိုက်လံတပ်ဆင်ပေးခဲ့သည်။
အလားတူ ဖေဖော်ဝါရီလတွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်အတွင်း ကန့်သတ်ကြိုးဝိုင်း (၅)ခု သတ်မှတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ