ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သတ်အပစ်ရပ်ပြီးသော်လည်း စစ်ကောင်စီတပ်မှ နောင်ချိုတွင် ထိုးစစ်ဆင်မှုများ ပြုလုပ်လာသောကြောင့် တိုက်ပွဲဖြစ်ပွား
တအာင်းပြည်၊ မေလ ၈ ရက်
တအာင်းပြည်သတင်း
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီတပ်ဘက်တွင်လည်း ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင့် ကြေညာခဲ့သည်။ စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်နယ်အတွင်း ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေပါသည်။
အပစ်ရပ်ကြေညာခဲ့ပြီးသော်လည်း စစ်ကောင်စီတပ်မှ ယမန်နေ့ မေလ (၇)ရက် နံနက် (၈း၅၅) နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အလားတူ မေလ(၇)ရက် မွန်းလွဲ (၁၂း၃၀)အချိန်တွင် တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ် ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ ယာပြင်ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
သပိတ်ကျင်းမြို့နယ် ဖော့တော့ကျေးရွာအနီးရှိ ဂိတ်တွင်လည်း မေလ (၇)ရက် ညနေ (၅း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁)ကြိမ်၊ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ (၁၃) တပ်စခန်းတွင်လည်း Y-8 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ (၈၅)ထုတ် လာရောက်ပစ်ချပေးခဲ့သည်။
ပြီးခဲ့သည့် မေလ (၅)ရက်နှင့် (၆)ရက်နေ့တွင်လည်း တအာင်းတပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ