စစ်ကောင်စီတပ်မှ ကြေညာခဲ့သော အပစ်ရပ် ရက် (၂၀)ပြည့်နေ့တွင် နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့
နောင်ချို၊ ဧပြီလ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်မှ
အပစ်ရပ် ရက် (၂၀)ပြည့်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ယနေ့ ဧပြီလ (၂၂)ရက် နံနက် (၁ဝး၃ဝ)နာရီအချိန်တွင် အုမ္မတီးကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို ဦးတည်ပြီးလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုများ၏ နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယမန်နေ့ ဧပြီလ (၂၁)ရက်လည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၅)လုံးလာရောက်ကြဲချခဲ့သည်။
ထိုအဆိပ်ငွေ့ဗုံးကြောင့် မိမိတို့ TNLAတပ်သား (၁ဝ)ဦးထိ ခိုက်ဒဏ်ရာရပြီး (၃)ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ မိမိတို့ TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးကုသမှုခံယူနေရပါသည်။
စစ်ကောင်စီတပ်သည့် ယနေ့ ဧပြီလ (၂၂)ရက်အထိ အပစ်ခတ်ရပ်ခဲ့သော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူထု၏ အခက်အခဲများကို စားနာထောက်ထားသောအားဖြင့် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ