1006

တအာင်းပညာရေးအကယ်ဒမီ-TEA အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲကျင်းပပြီးစီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
22 April 2025

တအာင်းပညာရေးအကယ်ဒမီ-TEA အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲကျင်းပပြီးစီးခဲ့

နမ့်ဆန်၊ ဧပြီလ ၂၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy-TEA) အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲအခမ်းအနားကို  ဧပြီလ (၂ဝ)ရက် နံနက် (၉းဝဝ)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။




အခမ်းအနားတွင်  တအာင်းပြည်ပညာ‌‌ရေးကောင်စီ-TLECနှင့် တအာင်းပညာရေးအကယ်ဒမီ-TEAမှ တာဝန်ရှိသူများ၊ PSLF/TNLAမှ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပါင်လ၊ တအာင်းသမိုင်းသုတေသနအဖွဲ့မှ ဒေါက်တာအောင်မင်းဦးနှင့်အဖွဲ့တို့ ပါဝင်တက်ရောက်ကာ အားပေးခဲ့ကြပြီး ဂုဏ်ပြုစကားများ ပြောကြားပေးခြင်း၊ ထူးချွန်ကျောင်းသူ/သားများအား  ဆုချီးမြင့်ပေးခြင်း၊ ကျောင်းဆင်းလက်မှတ်နှင့် တာဝန်ခန့်အပ်လွှာပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။



TEAကျောင်း အပတ်စဉ် (၂)တွင် ဆရာ/ဆရာမလောင်းများအဖြစ် ကျောင်းသူ (၁၂၈)ဦးနှင့် ကျောင်းသား (၂၇)ဦး စုစုပေါင်း (၁၅၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောင်းပြီး‌မြောက်သွားကြသည့်ကျောင်းသား/သူတို့ကို တအာင်းပြည်ပညာ‌‌ရေးကောင်စီ-TLECမှ ဖွင့်လှစ်ထားသည့် အ‌ခြေခံပညာစာသင်ကျောင်းများတွင် ဆရာ/မများအဖြစ် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်သည်။





အဆိုပါ ဆရာ/မများသည် တာဝန်ထမ်းကာ တန်းပြတစ်နှစ်ဆင်းပြီးနောက် ကျောင်းမှ သတ်မှတ်ခေါ်ယူချိန်တွင် ပညာရေးဒီပလိုမာတန်းများ ဆက်လက်သင်ကြားရမည်ဖြစ်ပြီး တာဝန်များထမ်းဆောင်ရင်း ၎င်းတို့၏ ပညာရေးအား ဆုံးခန်းတိုင်အောင် လေ့လာသင်ကြားနိုင်မည့်အခွင့်အရေးများ ပိုင်ဆိုင်သွားကြမည်ဖြစ်သည်။



ကျောင်းဆင်းပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရေးဆရာ/မများ၊ ဒေသခံရပ်မိရပ်ဖများအပြင် ကျောင်းသူ/သားမိဘများ စုစုပေါင်းလူဦး‌ရေ (၅ဝဝ)နီးပါးခန့် တက်ရောက်ခဲ့ကြသည်။



ပြီးခဲ့သည့် အပတ်စဉ် (၁) တအာင်းပညာရေးအကယ်ဒမီကျောင်းဆင်းပွဲကို ၂ဝ၂၄ခုနှစ် ဧပြီလတွင် ကျင်းပပြုခဲ့ပြီး လာမည့်အပတ်စဥ် (၃)အား ယခုနှစ် သြဂုတ်လတွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သည်။

#PSLF/TNLA 
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးအကယ်ဒမီ-TEA အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲကျင်းပပြီးစီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်