998

တအာင်းပြည်အတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေကောက်ခံရာတွင် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ရရှိခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
12 April 2025

တအာင်းပြည်အတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက်  အလှူငွေကောက်ခံရာတွင် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ရရှိခဲ့

တအာင်းပြည်၊ ဧပြီလ ၁၂ရက်

တအာင်းပြည်အတွင်း PSLF/TNLA အုပ်ချုပ်သည့်  နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့တွင် အင်အားပြင်း ငလျင်ဒဏ်သင့်သည့် ပြည်သူများအတွက်  ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့သည်။

အဆိုပါအလှူငွေအား နမ့်ဆန်မြို့နယ်မှ ကျပ်သိန်း (၉၀၀)ကျော်၊ မန်တုံမြို့နယ်မှ ကျပ်သိန်း (၂၀၀) ကျော်၊ နမ့်ခမ်းမြို့နယ်မှ ကျပ်သိန်း (၁၀၀၀)ကျော်၊ နမ္မတူမြို့နယ်မှ သိန်းပေါင်း (၄၀၀)ကျော်၊ ကွတ်ခိုင်မြို့နယ်မှ သိန်းပေါင်း (၄၀၀)ကျော် ၊ ကျောက်မဲမြို့နယ်မှ သိန်းပေါင်း(၂၀၀)ကျော်နှင့်  မိုးကုတ်မြို့နယ်မှ သိန်းပေါင်း (၁၀၀၀)တို့ဖြင့်  အလှူငွေလက်ခံရရှိခဲ့သည်။

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြည်သူလူထုများ ထိခိုက်နစ်နာဆုံးရှုံးမှုအပေါ် လူသားချင်း စာနာထောက်ထားမှုများအနေဖြင့် ဝိုင်းဝန်းကူညီပေးနိုင်ရန်အတွက် တအာင်းအရပ်ဖက်အဖွဲ့အစည်း -TCSOsနှင့် မြို့နယ်အလိုက် တတ်ကြွလူငယ်များတို့မှ  ဝိုင်းဝန်းပြီးအလှူငွေကောက်ခံမှုပြုလုပ်ခဲ့ရာတွင်  မြို့တွင်းရှိ ပြည်သူလူထုများ၊ ရပ်ရွာပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း ပြည်ပအလှူရှင်များတို့ ပါဝင်လှူဒါန်းခဲ့ကြသည်။





၎င်းကောက်ခံရရှိထားသည့် အလှူငွေများအား ပထမတွင် အင်းလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုလိပ်တို့နေရာများ ကူညီပေးသွားမည်ဖြစ်ပြီး ဒုတိယအနေဖြင့် ရှမ်းတောင်ပိုင်းရှိ ကလောမြို့၊ တောင်နီ၊ ပိန်နဲပငျရှာ၊ စေတီကုန်းစသည့်ဒေသများ၏ ပျက်စီးဆုံးရှုံးအပေါ်မူတည်ပြီး အလှူငွေများ ပြန်လည် လှူဒါန်းပေးသွားမည်ဖြစ်သည်။ ထို့အပြင် ငလျင်ဘေးသင့်ခံရပြီး အလှူရှင်များအရောက်နည်းသည့် နေရာဒေသများကိုလည်း လှူဒါန်းပေးသွားမည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် လှုပ်ခတ်သွားသည့် ပြင်းအား ၇.၇ရှိသော ငလျင်ကြောင့် လူပေါင်း (၃၆၀၀)ကျော် သေဆုံးခဲ့ပြီး (၅၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိကာ  လူနေအိမ်ပေါင်း (၄)သောင်းကျော်၊ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်း (၃)ထောင်ကျော်၊ စာသင်ကျောင်း (၂)ထောင်ကျော်၊ ဌာနဆိုင်ရာရုံး (၂)ထောင်ကျော်၊ တံတား (၁၀၀)ကျော်နှင့် ဘုရားစေတီ (၅)ထောင်ကျော် ထိခိုက်ပျက်စီးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေကောက်ခံရာတွင် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ရရှိခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်