အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်
တအာင်းပြည်၊ ဧပြီလ ၅ရက်
တအာင်းပြည်သတင်း
စစ်ကောင်စီတပ်သည် ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဖြစ်စဉ်တွင် ယနေ့ ဧပြီလ (၅)ရက် နေ့လည် (၂း၂၀)နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးတွင် ဗုံး (၂)လုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့သည်။
အလားတူ စစ်ကောင်စီတပ်သည် အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ (၃)ရက်တွင် သပိတ်ကျင်းမြို့နယ် (၇)မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်၊ ဗုံး (၈)လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင် အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပါသည်။
ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့်ငလျင်လှုပ်ခတ်ချိန် နေ့လယ် (၁း၀၅)နာရီအချိန်လည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် နောင်လင်ကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။
မြန်မာနိုင်ငံတဝန်းတွင် လက်ရှိချိန်ထိ ငလျင်ကြောင့် ဧပြီလ (၃)ရက်အထိ သေဆုံးသူ (၃၀၈၅)ဦး၊ ဒဏ်ရာရသူ (၄၇၁၅)ဦးနှင့် ပျောက်ဆုံးနေသူ (၃၄၁)ဦးအထိ ရှိခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ