တောင်ခမ်းတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ ဗုံး (၃)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်
နောင်ချို၊ ဧပြီလ ၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတွင် စစ်ကောင်စစ်တပ်မှ အဆိပ်ငွေ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ယမန်နေ့ နေ့လယ် (၂း၀၀)နာရီအချိန်တွင် တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ လာရောက်ကြဲချခဲ့သည်။
ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ ရက်ပေါင်း (၂၀)ကြာ အပစ်ခတ်ရပ်ခဲ့သော စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေလျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာတို့တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အများအပြားထိမှန်ပျက်စီးသွားခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၁၀၀)အတွင်း ဖြစ်ပေါ်လာခဲ့သည့် ပြင်းအား ၇.၇အဆင့်ရှိသော ငလျင်လှုပ်ခတ်ချိန် မတ်လ (၂၈)ရက်လည်း စစ်ကောင်စီတပ်သည် PSLF/TNLAအုပ်ချုပ်သော နောင်ချိုမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
လက်ရှိချိန်ထိ မြန်မာနိုင်ငံတဝန်းတွင် ငလျင်ဒဏ်ကြောင့် ဧပြီလ (၅)ရက်အထိ သေဆုံးသူ (၃၄၅၅)ဦး၊ ဒဏ်ရာရသူ (၄၈၄၀)ဦးနှင့် ပျောက်ဆုံးနေသူ (၂၂၀)ဦးအထိ ရှိခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ