မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ချိန် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိခိုက်ပျက်စီး
နောင်ချို၊ မတ်လ ၃၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ချိန် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ မတ်လ ၂၈ရက် နေ့လယ် (၁း၀၅)နာရီအချိန်တွင် နောင်လင်ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးသိန်းဇော်၊ ဦးစိုးသန့်နှင့် ဦးမျိုးဝင်းတို့၏ နေအိမ်ကိုထိမှန်ပျက်စီးသွားခဲ့ စာသင်ကျောင်း (၂)ကျောင်းလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၆ရက်လည်း နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့အပြင် ဒေသခံနေအိမ်အများအပြားလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ