947

ငလျင်လှုပ်ခတ်၍ တအာင်းပြည်အတွင်းရှိ စေတီပုထိုးများ ပြိုကျပျက်စီး၊ လူထုများအနေဖြင့် သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို သတိပြုနေထိုင်ကြရန် လိုအပ်

ဒေသတွင်းသတင်း / ဒေသတွင်း
29 March 2025

ငလျင်လှုပ်ခတ်၍ တအာင်းပြည်အတွင်းရှိ စေတီပုထိုးများ ပြိုကျပျက်စီး၊ လူထုများအနေဖြင့် သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို သတိပြုနေထိုင်ကြရန် လိုအပ်

တအာင်းပြည်၊ မတ်လ ၂၈ ရက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင် မြန်မာနိုင်ငံတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင် (ငလျင် အတန်းအစားအရ - ငလျင်ကြီး Major Earthquake) လှုပ်ခတ်ခဲ့ပါသည်။ အဆိုပါငလျင်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများရှိခဲ့ပါသည်။ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အားပြင်းသည့်ငလျင် နောက်ထပ်တကြိမ် ထပ်မံလှုပ်ခတ်ခဲ့ပါသည်။




တအာင်းပြည် နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံတို့တွင် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် အလွန်အားပြင်းသည့် ငလျင် လှုပ်ခတ်ခဲ့ပါသည်။ အင်အားပြင်းငလျင်ကြီးကြောင့် စေတီပုထိုးများနှင့် နေအိမ်များ ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်။




မြေငလျင်ဒဏ်ကြောင့် မန်တုံမြို့နယ် ဟင်ဟောင်းကျေးရွာရှိ စေတီပြိုကျပျက်စီးခဲ့ပြီး၊ ဆိုင်းလိန်ကျေးရွာနှင့် ထက်ကျက်ရွာရှိ ရှေ့ဟောင်း စေတီနှစ်ဆူလည်း ယိုင်လှဲသွားခဲ့သည်။ ထို့အတူ တာပုံကျေးရွာရှိ စေတီတစ်ဆူလည်း ထီးတော်မြေခခဲ့ရသည်။ နမ့်ဆန်မြို့နယ် အနောက်ကင်းကျေးရွာရှိ ရှေ့ဟောင်းစေတီပုထိုးများလည်း ကျိုးကျပျက်စီးပြီး၊ အာရမ်းကျေးရွာရှိ စာသင်ကျောင်းလည်း ပျက်စီးခဲ့သည်။ ထို့ပြင် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနေရာအချို့ ပြိုကျခဲ့မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မိုးမိတ်မြို့ရှိ မိုးမိတ်ရွှေဂူစေတီလည်း ယိုင်လှဲသွားခဲ့သည်။ အခြားမြို့တွင်လည်း ငလျင်ကြောင့် ဘာသာရေးကျောင်းနဲ့ သမိုင်းဝင် အဆောက်အအုံ၊ စေတီပုထိုးအချို့ ပြိုကျပျက်စီးမှုများနှင့် လူထု ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။




ထို့အပြင် အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နိုင်သည့်အတွက်ကြောင့် အန္တရာယ်ရှိသော လုပ်ငန်းနေရာများမှ ခေတ္တရပ်နားထားရန်၊ ယိုင်နဲ့သွားသည့်အဆောက်အအုံများ၊ အထပ်မြင့်များတွင်  ဆက်မနေကြရန်၊ မိမိနေထိုင်သည့် အဆောက်အအုံ၊ နေအိမ်များ အက်ကွဲမှုရှိ မရှိ စစ်ဆေးပြီး လိုအပ်လျှင် ကြိုတင်ရွှေ့ပြောင်းကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ငလျင်လှုပ်ခတ်၍ တအာင်းပြည်အတွင်းရှိ စေတီပုထိုးများ ပြိုကျပျက်စီး၊ လူထုများအနေဖြင့် သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို သတိပြုနေထိုင်ကြရန် လိုအပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်