ပလောင်အမျိုးသားတပ်ဦး PNF -Palaung National Front ဝန်ထမ်းဟောင်းများ၏ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပြီးစီး
တအာင်းပြည် ၊ မတ်လ ၁၅ ရက်နေ့
တအာင်းပြည်သတင်း
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တအာင်းပြည်တစ်နေရာတွင် ပလောင်အမျိုးသားတပ်ဦး -PNF ဝန်ထမ်းဟောင်းများ၏ ဂုဏ်ပြုပွဲ အခမ်းနားကို မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။
ထိုအခမ်းအနားကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီအချိန်မှ နေ့လယ် (၁၂း၀၀) နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် စတင်ခဲ့သည့် ရှမ်းပြည်တော်လှန်ရေးနှင့် ၁၉၆၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဦး (PNF) ထဲတွင် ပါဝင်လာသည့် ဝန်ထမ်းဟောင်းများအား ဒုဥက္ကဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဝမ်းမြောက်စွာဂုဏ်ပြုခဲ့သည်။ PNF မရှိလျှင် PSLO/PSLA တပ်ဖွဲ့သည် ဖြစ်မလာနိုင် ၊ PSLO/PSLA မရှိလျှင် TNLA တပ်မတော်လည်း ဖြစ်မလာနိုင် ၊ထိုကြောင့် တစ်ချိန်က PNF နှင့် PSLO တပ်ဖွဲ့တွင် တာဝန်ကျေ ထမ်းဆောင်လာခဲ့သည့် ရဲဘော်/ရဲမေများအား PSLF/TNLA အနေဖြင့် တအာင်းပြည်သူလူထုကိုယ်စား အမြဲအောက်မေ့ သတိရနေကြောင်း ပြောကြားခဲ့ပါသည်။
တော်လှန်ရေးသမိုင်းအကျဥ်းမှာ ( ၁၉၆၃) ခုနှစ်တွင် ပလောင်အမျိုးသားတပ်ဦး (PNF) ကိုဖွဲ့စည်းခဲ့ပြီး (၁၉၇၆) ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ကိုဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် (၁၉၉၁) ခုနှစ်တွင် (PSLA) မှ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး (၂၀၀၅) ခုနှစ်တွင် PSLA တပ်ဖွဲ့ကို မတရားသဖြင့် လက်နက်ဖြုတ်သိမ်းခြင်းခံခဲ့ရသည်။
(၁၉၉၂) ခုနှစ်တွင် နဝတ အစိုးနှင့် အပစ်ခတ်ရပ်စဲရေးကို လက်ခံယုံကြည်ခြင်းမရှိသည့် တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မာနယ်ပလော စစ်ဌာနချုပ်တွင် PSLF ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ (၂၀၀၉) ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးဦးဆောင်မှုဖြင့် (TNLA) ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ (၂၀၁၁)ခုနှစ်တွင် စတင်ပြီး တအာင်းဒေသ သို့အခြေချကာ TNLA လုပ်ငန်းစဥ်များကို အကောင်ထည်ဖော်နိုင်ခဲ့သည်။
ထို့နောက် ဂုဏ်ပြုပွဲအခမ်းနားတွင် PNF နှင့် PSLO ပလောင်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သော အသက် ၇၅ နှစ် နှင့် ၈၀ ကြားရှိသော ရဲဘော်/ရဲမေဟောင်းများဖြစ်ကြသည့်
ရှမ်း (၇) ဦး ၊ ပလောင် (၇) ဦးနှင့် လီဆူ (၁) ဦး စုစုပေါင်း (၁၅) ဦးတို့အား တစ်ဦးလျှင် ဆုငွေ (၁၀)သိန်းကျပ်၊ ရွှေဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုအခမ်းအနားပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုဥက္ကဌ (၁) ဒုတိယ ဗိုလ်ချူပ်ကြီး တားဂျုတ်ဂျားနှင့် ဒုတိယ ဗိုလ်မှူးကြီး တားကောင်ဝါည်၊ ဗိုလ်မှူးတားပ္လါင်ကဒူး၊ ဗိုလ်မှူး တားဆဲင်အံင်၊ နမ့်ခမ်းဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ