အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ PSLF ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား တက်ရောက်
မတ်လ ၁၁ရက်၊ တအာင်ပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်မြို့၌ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပခဲ့ရာ PSLF/TNLA ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား (တားဇိုက်ဇား)တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် PSLF/TNLA ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား မှ“ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအမျိုးသမီးများနေ့ဟာ တစ်ကမ္ဘာလုံးရှိ အမျိုးသမီးထုရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ် ကမ္ဘာအသီးသီးမှာ အထူးသဖြင့် အရှေ့တောင်အာရှမှာ အာဖရိကက ဒေသခံအမျိုးသမီးတွေ ပိုပြီးအဖိနှိပ်ခံရတယ် ကျနော် PSLF/TNLA အနေနဲ့ အမျိုးသမီးဘဝ မြှင့်တင်ရေးကိုတော့ ကျနော်တို့ ဌာနထဲမှာမှ အမျိုးသမီးဖွဲ့ဖြိုးတိုးတတ်ရေးဆိုတဲ့ဌာန အမျိုးသမီးထုရဲ့ ဘဝမြှင့်တင်ရေး အမျိုးသမီးဖိနှိပ်မှုလျှော့ချနိုင်ရေး အမျိုးသမီးဘဝ အမျိုးသားတန်းတူညီမျှရေးတွေကို လုပ်ဆောင်ရွက်နိုင်ခဲ့တယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသမီးများ၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် တန်းတူညီမျှမှုကို အားပေး ထောက်ခံကြောင်းနှင့် ဓလေ့ထုံးတမ်းအရ အမျိုးသမီးများ အများဆုံးခွဲခြားဆက်ဆံ ခံခဲ့ရပြီး တအာင်းလူမျိုးတို့တွင် ပို၍ ဖိနှိပ်ခံရသည်။ ထိုကြောင့် မိမိတို့အနေဖြင့် အမျိုးသမီးနေ့အား ဂုဏ်ယူ ကျင်းပ နေရခြင်းသည် အကြောင်းမဲ့ မဟုတ်ကြောင်းနှင့် အမျိုးသမီးထု၏ ဘဝအား ကာကွယ်ပေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း ဆက်လက် တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနား၌ တအာင်းနိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှု နှင့် စိန်ခေါ်မှုအခက်အခဲများ ဆိုသည့် ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်များပြုလုပ်ခဲ့ပြီး ခမ်းအခမ်းတွင် တအာင်း၊ ရှမ်း၊ ဗမာ၊ ဂေါ်ရခါး စသည့် လူမျိုးပေါင်းစုံ တက်ရောက်ပြီး လူဉီးရေ (၃၀၀)ဝန်းကျင်တတ်ရောက်ကာ အမျိုးသမီးအခွင့်အရေးနှင့် တန်းတူရေးတို့ကို နယ်ပယ်ပေါင်းစုံမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
အခမ်းအနားတွင် ကွတ်ခိုင်မြို့နယ် တအာင်းအမျိုးသမီးအဖွဲ့တာဝန်ခံဖြစ်သူ ဒေါ်ခမ်းမက်က “ တကယ်တမ်းဆိုရင် ကျမတို့ အမျိုးသမီးတွေလုပ်နိုင်တယ် ရပ်ရွာကော်မတီတွေက ကျမတို့ရဲ့အမျိုးသမီး လုပ်ဆောင်ချက်တွေကို ဓလေ့ထုံးတမ်းအရ လက်သင်မခံတာ များပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရပ်ရွာလူကြီးတွေအနေနဲ့ ကျမတို့က အမျိုးသမီးတန်းတူမျှတရေးကို လုယူနေတာ မဟုတ်ဘူး၊ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုနေတာဖြစ်ပါတယ်”ဟု ဆွေးနွေးတင်ပြသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ၁၉၂၂ ခုနှစ်တွင် သတ်မှတ်ခဲ့ကြပြီး ယခုအခါ (၁၀၃) နှစ်ပြည့်သွားပြီဖြစ်သည်။
#PSLF/TNLA
# သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ