နောင်ချိုတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရ
နောင်ချို၊ ဖေဖော်ဝါရီလ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယနေ့ ဖေဖော်ဝါရီလ (၆)ရက် နံနက် (၁၀:၂၀)မိနစ်အချိန်တွင် သပြေတောင် ဘုရားကုန်းပေါ်တွင် စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ထိုဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကြံကားမောင်းနှင် လာသူ အသက် (၃၀)နှစ်ရှိ စိုင်းလှဦးကို ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းကို ဆေးကုသရန် ဒေသခံများက ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနှင့် ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံးနှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ