ကွတ်ခိုင်တွင် တအာင်းသံဃာတော်များနှင့် PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များမှ ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်
ကွတ်ခိုင်၊ ဇန်နဝါရီလ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းသံဃာတော်များနှင့် PSLF/TNLA၏ ခေါင်းဆောင်များမှ ဗဟိုသံဃာတော်အစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်တွင် ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးကို နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာ ရွှေကမ္ဘာအေးကျောင်းတိုက်တွင် တအာင်းသံဃာတော်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဗိုလ်ချုပ် တားဘုန်းကျော်မှ သာသနာတော်များ တိုးတက်စေရန် တစ်ဖက်တစ်လှမ်းဖြင့် ကူညီသွားမည်ဖြစ်ကြောင်းနှင့် တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေရန် တအာင်းသံဃာတော်အဖွဲ့မှ အလုပ်ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆွေးနွေးလျှောက်တင်ခဲ့ပါသည်။
ထိုအစည်းအဝေးတွင် (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းများ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ဩဝါဒစရိယဆရာတော်များက ပိဋကတ်သုံးပုံတရားတော်များကို တအာင်းဘာသာဖြင့် ပြန်ဆိုရေးသားရန် အတည်ပြုခဲ့ပါသည်။ ရှေ့လုပ်ငန်းစဉ်များတွင် သာသနာရေးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့် ဗုဒ္ဓတက္ကသိုလ်ဖွင့်လစ်နိုင်ရေး၊ တအာင်းသံဃာတော်များ ခေတ်မှီသော ပညာရေးဖြင့် သာသနာပြုစွမ်းရည် တိုးတက်မြင့်မာလာစေရေးနှင့် တအာင်းသံဃာတော်များ လူမျိုးဘာသာ သာသနာကို မြင့်တင်နိုင်ရေးတို့ ဖြစ်ပါသည်။
၎င်းကို မြို့နယ်ပေါင်းစုံမှ သံဃာတော် (၆၅) ပါးနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ် တားဘုန်းကျော်၊ အထွေထွေအတွင်းအရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လ၊ ဌာနဆိုင်ရာများ၊ သာသနာရေးဌာနများမှ စုစုပေါင်းလူဦးရေ (၂၀)ဦး တက်ရောက်ခဲ့ကြသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ