(၁၉)ကြိမ်မြောက် တအာင်းထီ အမြင့်ဆုံး သိန်း (၅၀၀)ဆုကို မန်စပ်ကျေးရွာနေ ယာမာကျန်မှ ဆွတ်ခူး
မန်တုံ၊ ဇန်နဝါရီလ ၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီ၏ (၁၉) ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို မန်တုံမြို့နယ်၊ နားအော်အုပ်စု၊ မန်စပ်ကျေးရွာတွင် နေထိုင်သည့် ယာမာကျန်မှ ဆွတ်ခူးရရှိသွားသည်။
(၁၉) ကြိမ်မြောက် ထီဖွင့်ပွဲအား တအာင်းပြည်တစ်နေရာတွင် ဇန်နဝါရီလ (၁)ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည်။
(၁၉)ကြိမ်မြောက် သိန်း(၅၀၀)၏ ဂဏန်းသည် အက္ခရာ B-03182 ဖြစ်ပြီး သိန်း (၅၀၀)ဆုအပြင် သိန်း (၁၀၀) ဆု (၂)ဆု၊ သိန်း (၅၀)ဆု (၂)ဆု၊ သိန်း (၃၀)ဆု (၃) ဆု၊ (၁၀)သိန်းဆု (၅) ဆု၊ (၅) သိန်းဆု (၁၀) ဆု၊ (၂)သိန်းဆု (၃၀)ဆုနှင့် သွပ်(၆)ဆုအပါအဝင် စုစုပေါင်း (၅၉)ဆု ပေးအပ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈)ကြိမ်မြောက်၏ သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ် လက်ခုတ်ပင်ကျေးရွာတွင် နေထိုင်သည့် မသီရီသန္တာကိုမှ (C - 17241) ဖြင့် ဆွတ်ခူးရရှိသွားသည်။
ဒီဇင်ဘာလ တစ်လအတွင်း တအာင်းထီ၏ ရောင်းရငွေသည် ကျပ်သိန်း (၁၁၉၀)ကျော်ထိ ရရှိခဲ့သည်။ ထိုထီရောင်းရငွေမှ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်း(၄၃၀)ကျော်သာ ပေးအပ်ထောက်ပံ့နိုင်ခဲ့သည်။
တအာင်းထီသည် တအာင်းပြည်မှ စာသင်ကျောင်းများအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တအာင်းပြည်အတွင်း စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ် (၁၀) မြို့နယ်ထက်မနည်း ရှိနေခဲ့ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တအာင်းပြည် ပညာရေးကောင်စီမှ ကျောင်းပေါင်း (၅၀၀)ဝန်းကျင် ဖွင့်လှစ်ပေးထားသည်။
စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့် ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား ကူညီလိုလျှင် တအာင်းထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ