သီပေါတွင် ကားနှင့်ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး သေဆုံး
သီပေါ၊ ဒီဇင်ဘာလ ၂၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် ကားနှင့်ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ လမ်းအကွေ့တွင် ကားမောင်းနှင့်လာသည့် ယာဥ်မောင်သည် လီဘာနှင့် ဘရိတ်ကို မှားနင်းမိပြီး အရှေ့က ကလေးငယ်တင်ဆောင်ကာ ဆိုင်ကယ်မောင်းနှင်လာသည့် သားအမိကို ဝင်တိုက်မိခဲ့ပါသည်။
ထိုနောက် ဆိုင်ကယ်အပေါ်ပါလာသည့် အသက် (၁)နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူ အသက်(၃၉)နှစ်အရွယ် မအိသဲမွန်ဆိုသူက ပြင်းထန်ဒဏ်ရရှိခဲ့ပါသည်။
ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား နယ်စည်းမခြားပရဟိတအသင်းမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့သည်။
အခင်းဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ သီပေါမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးပြီး ယာဥ်မောင်းသူ အသက် (၁၇)နှစ်အရွယ်မောင်အောင်မျိုးမင်းကို ဖမ်းဆီးထိန်းသိမ်းထားကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ