689

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
18 December 2024

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

တအာင်းပြည်၊ ဒီဇင်ဘာ ၁၈ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို တအာင်းပြည်တစ်နေရာတွင်  ၂၀၂၄ ဒီဇင်ဘာ (၁၅)ရက်နေ့က တပြိုင်နက် ကျင်းပပြုလုပ်ခဲ့သည်။






TAOT အပတ်စဉ် (၄)သည် သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းသား(၁၃၂)ဦး တက်ရောက်ခဲ့သည်။ ထိုသင်တန်းများသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ကာ (၁၂) ဦး တိုက်ပွဲအတွင်း အသက်ပေးလှူဒါန်းသွားခဲ့သည်။ ထို့ကြောင့် သင်တန်းဆင်းပွဲတွင် သင်တန်းသား (၁၁၄) ဦး သင်တန်းဆင်းနိုင်ခဲ့ကာ အပတ်စဉ် (၅) တက်ရောက်မည့် အလုပ်သင် ဗိုလ်သင်တန်းသား (၁၃၅) ဦးဖြင့် သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့သည်။






ဖွင့်ပွဲတွင် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ပြီး စစ်မြေပြင်မှာ အသက်ပေးလှူဒါန်းသွားတဲ့ ဗိုလ်လောင်းသင်တန်းက ကျောင်းသားများအား ဂုဏ်ယူလေးစားအပ်ကြောင်း၊ လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့် မိမိကျရာတာဝန်များကို အကောင်းဆုံးဖြင့်  ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။






မိဘပြည်သူများ၏  မေတ္တာ စေတနာနှင့် ကူညီထောက်ပံ့ခဲ့သည့်အတွက်ကြောင့် စစ်ပွဲတွင် အောင်ပွဲအလီလီရရှိခဲ့ပြီး မိမိတို့နယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့ ရည်မှန်းချက် ရာနှုန်းပြည့် အောင်မြင်နိုင်ရန် မိဘပြည်သူများနှင့်အတူ ရဲဘော်များ၏ အင်အားဖြင့် ဆက်လက်ချီတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။






PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း "အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိတအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောစေရန်  ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည်သည့်နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ကြရန်" တိုက်တွန်းခဲ့သည်။






"ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ပြောကြားသွားခဲ့သည်။






ထို့အပြင် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်သည် သင်တန်းဆင်းပွဲအခမ်းအနားသို့ စစ်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကိစ္စကြောင့်  မတက်ရောက်နိုင်ခဲ့ပဲ သဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် "ယနေ့သည် တအာင်းတမျိုးသားလုံးအတွက် အင်မတန် တန်ဖိုးကြီးသည့် ရက်ကောင်းရက်မြတ်ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုအပ်ကြောင်း၊  အပတ်စဉ်(၅) တက်ရောက်မည့် ကျောင်းသား(၁၃၅)ဦးကို ကြိုဆိုကြောင်း၊ တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် မိဘပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း" ပါရှိပါသည်။






သင်တန်းဆင်းပွဲအခမ်းအနားတွင် နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် အလုပ်သင်ဗိုလ်သင်တန်းမှ ကျောင်းသားများအား ဘက်စုံထူးချွန်ဆု၊ စာပေထူးချွန်ဆုနှင့် စစ်ရေးဆိုင်ရာ ထူးချွန်ဆု စသည့်ဆုများကိုလည်း ပေးအပ်ချှီးမြှင့်ခဲ့သည်။






အခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်း​ကျော်၊ စစ်ဦးစီအရာရှိချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အရာအရှိ/အရာခံများ သင်တန်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ(၇၀၀)ကျော် တက်ရောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်