653

PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ မြေယာမူဝါဒနှင့် ​ရှေ့လုပ်ငန်းစဥ်အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
28 November 2024

PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ မြေယာမူဝါဒနှင့် ​ရှေ့လုပ်ငန်းစဥ်အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်

တအာင်းပြည်သတင်း၊ နိုဝင်ဘာလ ၂၇ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ကြီးမှူး၍ မြေယာနှင့်သစ်တော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲကို တအာင်းပြည်တစ်နေရာတွင် (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။






ထိုနှီးနှောဖလှယ်ပွဲသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့်အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ တွဲဖက်​အထွေအထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ မြေစာရင်းဌာနမှ CDM ဝန်ထမ်းများ၊ မြေယာနှင့် သစ်တောဌာနရှိ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၅၀)ကျော် တက်ရောက်ခဲ့သည်။





နှီးနှောဖလှယ်ပွဲတွင် မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ဌာနမှူး ဗိုလ်ကြီး အေဲမ်ချို့နှင့် ဒု-ဗိုလ် ဆိုရ်ဘြည်တို့မှ ဖြစ်ပေါ်နေသည့် မြေယာပြဿနာများ၊ မြေယာမူဝါဒနှင့် ရှေ့လုပ်ငန်းစဥ်များကို ဖတ်ကြားတင်ပြခဲ့ကြသည်။






နှီးနှောဖလှယ်ပွဲတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ တအာင်းပြည်ရှိ ဘိုးဘွားပိုင်မြေများ၊ လယ်ယာမြေများ၊ တအာင်းပြည်အတွင်းရှိ သစ်တောနယ်မြေများနှင့် ပတ်သက်ပြီး ပြဿနာဖြစ်လာပါက ဥပဒေနှင့်အညိီ ဖြေရှင်းပေးနိုင်ရန်နှင့် သစ်တောကြိုးဝိုင်းလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။



ထို့အပြင် မြေယာနှင့်သစ်တောဌာနမှ တင်ပြခဲ့သည့် မူဝါဒနှင့် ​ရှေ့လုပ်ငန်းစဥ်ပါ အကြောင်းအရာများကို ဌာနဆိုင်ရာများ၊ CSO အရပ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသစ်တောဌာနက CDM ဝန်းထမ်းများမှ အဖွဲ့လိုက် ဆွေးနွေးချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို အပြန်အလှန်သုံးသပ်ခဲ့ကြသည်။






1027 စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားသည့် ဌာနဆိုင်ရာမြေနေရာများ၊ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ သိမ်းယူထားသည့် မြေများ၊ အသင်းအဖွဲ့နှင့် ကုမ္မဏီဆိုင်ရာမြေများ၊ နယ်နိမိတ်မြေနှင့် ကျူးကျော်မြေများ၊ အဌားမြေနှင့် မြေအရောင်းအဝယ်ကိစ္စများတွင် ဖြစ်ပေါ်တတ်သော ပြဿနာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

(၂)ရက်တာအတွင်း ဆွေးနွေးခဲ့သည့် မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာန၏ ရှေ့လုပ်ငန်းစဥ် နှီးနှောဖလှယ်ပွဲအတွင်း  ဆုံးဖြတ်ချက် (၄)ချက်နှင့် မြေယာမူဝါဒ ပြင်ဆင်ချက် (၁၁)ချက်ကိုလည်း အတည်ပြု ချမှတ် သဘောတူချမှတ်နိုင်ခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ မြေယာမူဝါဒနှင့် ​ရှေ့လုပ်ငန်းစဥ်အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်