ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံး၊ (၁၃)ဦး ထိခိုက်ဒဏ်ရာရ
ကွတ်ခိုင်၊ နိုဝင်ဘာ ၁၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၄)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၁၇ရက်နေ့ ည (၁၁း၄၇)အချိန်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့သည်။ ထိုအပြင် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုနေ့တွင်လည်း မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ