နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂၀)ဦး သေဆုံး၊ (၂၄)ဦး ထိခိုက်ဒဏ်ရာရ
နောင်ချို၊ နိုဝင်ဘာ ၁၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့မစျေးနေရာတွင် စစ်ကောင်စီတပ်မှ ပေါင်(၅၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၁၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၂း၄၃)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့မစျေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ကားများလည်း မီးလောင်ပျက်စီးသွားခဲ့သည်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်လည်း မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၅) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုအပြင် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ ဆမ္မဆယ်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရွာဘုန်ကြီးကျောင်းတွင်း ကျရောက်ပေါက်ကွဲပြီး အဆောက်အဦး ထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် ယနေ့တစ်ရက်တည်းအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၂၀) ဦး သေဆုံးပြီး (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ