ယနေ့နံနက် ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်
ကွတ်ခိုင်၊ နိုဝင်ဘာလ(၁)ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်(၂)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ယနေ့ နံနက်(၃း၂၈)မိနစ်တွင် တစ်ကြိမ်၊ (၃း၃၃)မိနစ်တွင် တစ်ကြိမ်၊ (၃း၃၈)မိနစ်တွင်တစ်ကြိမ် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ(၂)စီးဖြင့် (၃)ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ ရပ်ကွက်(၂)အတွင်းရှိ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ (န.တ.လ) ကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနှင့် ယူကလစ်တောအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုကဲ့သို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအနီးရှိ ကျွဲ(၁)ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့သည်။ မပေါက်ကွဲသေးသည့် ဗုံး(၁)လုံးလည်း ကျန်ရှိနေပြီး PSLF/TNLA သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖယ်ရှားရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ(၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကွတ်ခိုင်မြို့ရှိ မြို့မစျေးတွင် လေကြောင်း(၄)ကြိမ် လာရောက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၆)ဦး သေဆုံး၊ (၁၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ မြို့မစျေးဆိုင်ခန်းပေါင်း (၄၀၀)ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ