610

PSLF/TNLA နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးမှူး သင်တန်းဖွင့်လှစ်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
31 October 2024

PSLF/TNLA နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးမှူး သင်တန်းဖွင့်လှစ်ပေး


နမ့်ခမ်း၊ အောက်တိုဘာ ၃၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၁)နယ်မြေ PSLF/TNLA နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးမှူးသင်တန်း ဖွင့်လှစ်​ပို့ချပေးခဲ့သည်။





အုပ်ချုပ်​ရးမှူးသင်တန်းကို အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်(၉း၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး PSLF/TNLA မန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးတားပလန်ကဒူး၊ နမ့်ခမ်းမြို့နယ်စည်သာယာ​ရေးဌာနမှူး ဗိုလ်ကြီးဆိုင်နော် နှင့် အုပ်ချုပ်ရေးမှူး သင်ကြားရေးသင်တန်းဆရာတို့မှ တက်ရောက် အဖွင့်အမှာစကား ပြောကြား​ပေးခဲ့သည်။




အုပ်ချုပ်ရေးမှူး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ မိမိ၏ ရပ်ကွက်နှင့် ကျေးရွာအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းဥပဒေနှင့် အညီ၊ မှုခင်းကြိုတင်ကာကွယ်​ရေးလုပ်ငန်း၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ စည်ပင်သာယာ​ရေးလုပ်ငန်း၊ မြေယာသစ်တောထိန်းသိမ်းရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းဆိုင်ရာများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချ​ခဲ့​ခြင်း​ဖြစ်သည်။ 


ထိုသင်တန်းတွင် မူဆယ်၊ နမ့်ခမ်းနှင့် မိုင်းဝီးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁)ဦး နှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး(၂၈)ဦး စုစုပေါင်း (၅၉)ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကို အောက်တိုဘာလ(၂၄)ရက်မှ နိုဝင်ဘာလ(၉)ရက်နေ့ထိ (၃)ပတ်နီးပါးကြား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။


သင်တန်းဖွင့်ပွဲကို PSLF/TNLA မန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး၊ နမ့်ခမ်းမြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးတပ်ဖွဲ့၊ သင်ကြားရေးဆရာများ၊ ဒေသခံရပ်မိရပ်ဖများနှင့် သင်တန်းတက်ရောက်မည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၀)ဦးကျော် တက်ရောက်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးမှူး သင်တန်းဖွင့်လှစ်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်