စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် ပေါင်(၃၀၀)(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်၊ ဒေသခံ(၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
တအာင်းပြည်သတင်း၊ အောက်တိုဘာလ၊ ၂၈ ရက်
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပေါင်(၃၀၀)ဗုံး(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ(၁)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့ ည(၇း၄၅)မိနစ်အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နောင်ချိုမြို့နယ်ရှိ သပြေရပ်ကွက်တွင် ပြည်သူများကို ဦးတည်ပြီး ပေါင်(၃၀၀) (၂)လုံးနှင့် ည(၈း၁၅)မိနစ်အချိန်တွင် ဗုံး(၉)လုံး စုစုပေါင်း(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သပြေရပ်ကွက်နေ အသက်(၆၀)နှစ်ရှိ ဦးသိန်းထွန်း အမျိုးသား(၁)ဉီး သေဆုံးခဲ့ရပြီး အသက်(၅၀)ဝန်းကျင်ရှိ ဒေါ်ပု အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့သည်။
ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်အစောပိုင်း(၂)ခွဲနာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် မုံးစီးမြို့နယ် ရေပူစမ်းအနီးတွင် ဗုံး(၈)လုံးထက်မနည်း လာရောက်ကြဲချခဲ့ပြီး ဒေသခံများ၏ နေအိမ်အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ရသည်။
ထို့အပြင် အောက်တိုဘာလ(၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ကာ နမ့်ခမ်းမြို့ စခန်းသစ်အနီးတွင် ဗုံး(၂)လုံး၊ မန်ဆာနတ်စဉ်ကုန်းနှင့် လယ်ကွက်နားတွင် ဗုံး(၆) စုစုပေါင်း ဗုံး(၈)လုံး လာရောက်ကြဲချခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိသော်လည်း ဒေသခံများ၏ စပါးခင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။
၁၀၂၇စစ်ဆင်ရေးတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် မြို့နယ်၊ ကျေးရွာနှင့် နေရာဒေသများကို လေကြောင်းဖြင့် နေ့စဉ်ရက်စက် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမှုရှိသလို ပြည်သူပိုင်နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ