580

တရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး၊ တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော် မှာကြား

ဒေသတွင်းသတင်း / ဒေသတွင်း
09 October 2024

တရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး၊ တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော် မှာကြား


တအာင်းပြည်၊ အောက်တိုဘာ ၉ ရက်နေ့

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာတွင်  တရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။





အခမ်းအနားကို နံနက် ၉း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ်တားဂူ;ဇာရ်နှင့် ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်တို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။




PSLF/TNLA အထွေထွေအတွင်းရေးမှူး ​ဗိုလ်ချုပ်တားဘုန်းကျော်က "တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ပြီး ချမှတ်ထားသည့် ဥပဒေများကို ပြည်သူများ လိုက်နာမှုရှိမရှိ စောင့်ကြည့်သွားရန်၊ ချမှတ်ထားသည့် ဥပဒေများကိုလည်း မိမိတို့ကိုယ်၌ လိုက်နာမှုရှိအောင် ကြိုးစားသွားကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားရန်"လိုအပ်ကြောင်း မှာကြားခဲ့သည်။


ထိုတရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း)ကာလမှာ ၄ လကျော်ကြာမြင့်ခဲ့ပြီး ဘာသာရပ်ပေါင်း ၂၆ ခုကို ကျွမ်းကျင်ဆရာများနှင့် CDM ရဲများမှ သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းတွင် ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးအခြေခံမူများ၊ ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာများ၊ သက်သေခံဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့် အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်များစသည်ဖြင့် သင်ကြားခဲ့သည်။




ထိုသင်တန်းတွင် သင်တန်းသား ၉၀ ဦး၊ သင်တန်းသူ ၄၅ ဦး စုစုပေါင်း သင်တန်းသူ/သား (၁၃၅)ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီး တအာင်းပြည်အတွင်း ယခင်ကထက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလည်ပတ်ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ ခရိုင်များနှင့် မြို့နယ်များတွင် တာဝန်ထမ်းသွားမည်ဖြစ်ပါသည်။




ထိုသင်တန်းဆင်းပွဲကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ၊ ဒေသခံပြည်သူလူထုများ၊ ဆရာများနှင့် ကျောင်းသူ/သားများအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး၊ တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော် မှာကြား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်