569

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံးကြဲချ၊ ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
06 October 2024

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံးကြဲချ၊ ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရ


သီပေါ၊ အောက်တိုဘာလ ၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး အပါအဝင် ဗုံး(၅)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ(၁)ဦးသေဆုံးခဲ့ပြီး (၁၀)လသားအရွယ်ကလေးငယ်အပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။





ယမန်နေ့ စက်တင်ဘာလ ၅ ရက် ည(၈း၃၀)အချိန်မှ (၁၀)နာရီအချိန်ထိ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ပြည်သူလူထုများအားဦးတည်ကာ သီပေါမြို့အတွင်း ဆက်တိုက်လာရောက်ဗုံးကြဲခဲ့သည်။ ၎င်းတို့ကြဲချခဲ့သည့်ဗုံးများသည် ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် (၂)လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် (၁)လုံးနှင့် တောင်မြို့ရပ်ကွက် လယ်ကွက်အနီးတွင် (၁)လုံး ကျရောက်ပေါက်ကွဲခဲ့သည်။


ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် ကိုနိုင်သိန်း အသက်(၅၁)နှစ်ဆိုသူ သေဆုံးခဲ့ပြီး သီပေါရဲစခန်းတွင် အကျဥ်းကျနေသည့် ကိုရဲနှင့် ကိုဖိုးချို (၂)ဦး၏ ဒူး၊ လည်ပင်းနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ စံပြမုန့်ဆိုင်၏ နှစ်ထပ်တိုက်ဆိုင်ခန်းလည်း မီးလောင်ပြာကျခဲ့သည်။


အလားတူ (၉း၅၀)အချိန်တွင်လည်း နမ့်လန်တွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လွယ်ကျိုင်းကျေးရွာနှင့် အေရှာဝေါတိုးဂိတ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။


ထိုကဲ့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လွယ်ကျိုင်းကျေးရွာရှိ မနန်းဆိုင်နွန်းနှင့် ၎င်း၏ (၁၀)လသားအရွယ်နှင့် (၄)နှစ်အရွယ် ကလေးငယ်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့ အမျိုးသား(၃)ဦးလည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိနှင့်နောက်ကျောတို့တွင်  ထိခိုက်ဒဏ်ရာရခဲ့သည်။


ထို့အပြင် ဒေသခံများ၏နေအိမ် အလုံး(၂၀)ကျော်နှင့် အိမ်စီးကားများ ဆိုင်ကယ်ယာဥ်များနှင့် နေအိမ်အတွင်းရှိပစ္စည်းများလည်း ထိခိုက်မီးလောင်ပျက်စီးသွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံးကြဲချ၊ ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်