ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအားနင်းမိပြီး ကျွဲရှာသည့်အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာရ
ကွတ်ခိုင်၊ အောက်တိုဘာလ (၆) ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲကာ ၎င်း၏ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။
ဖြစ်စဥ်မှာ အောက်တိုဘာလ (၃)ရက် နေ့လည်(၂း၅၀)အချိန်တွင် မိုင်းအိုက်ကျင် အသက်(၂၅) နှစ်သည် ၎င်း၏ကျွဲများအား လိုက်ရှာနေစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထိုနေရာသည် ယခင်စစ်ကောင်စီ၏အမြောက်တပ် တပ်စွဲထားသည့်နေရာဖြစ်သည်။
ထိုမိုင်းပေါက်ကွဲမှုကြောင့် မိုင်းအိုက်ကျင်၏ ညာခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး ၎င်း၏ ဘယ်ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တို့တွင်လည်း မိုင်းစအများအပြားထိမှန်ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သူအား ကွတ်ခိုင်မြို့ PSLF/TNLA အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့တို့ သွားရောက်ကြည့်ရှု့စစ်ဆေးကာ ကွတ်ခိုင်ပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသပေးခဲ့သည်။
လွန်ခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့ကလည်း ကွတ်ခိုင်မြို့ အမှတ်တရကျောက်တိုင်အနီး ပျားသွားဖွတ်သည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်။
ထိုနေရာတွင် စစ်ကောင်စီထောင်ထားသည့် မြေမြုပ်မိုင်းများ ကျန်ရှိနေသောကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများသည် အဝင်အထွက်မပြုလုပ်ရန် ကန့်သတ်ထားသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ