သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ
သီပေါ၊ စက်တင်ဘာလ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ ညနေ(၅)နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကုံးစုံ(လီဆူ)ရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၇)နှစ်ရှိ ကိုကျော်မြင့်ဆိုသူ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာသို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက်(၅၂)နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။
သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ ယခု စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရပြီး (၆၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ