283

စစ်လက်နက်ကြွင်းကျန်တစ်ခုပေါက်ကွဲ၍ ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
14 June 2024

စစ်လက်နက်ကြွင်းကျန်တစ်ခုပေါက်ကွဲ၍ ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

နမ့်ဆန်၊ ဇွန်လ ၁၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ လက်ဖက်ခြံတစ်နေရာတွင် စစ်လက်နက်ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ (၁၀)ရက်နေ့တွင် အသက် (၁၄)နှစ်အရွယ် စိုင်းလောင်(ဝ်)အွန်သည် လက်ဖက်သွားခူးရင်း ခြံထဲ၌ စစ်လက်နက်ပစ္စည်းတစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲ၍ ဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် ကလေးငယ်၏ တကိုယ်လုံး လက်၊ ရင်ဘတ်နှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုင်းလောင်(ဝ်)အွန်သည် နမ့်ဆန်ဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိနေပါသည်။


လွန်ခဲ့သည့် ဇွန်လ (၁၁) ရက်နေ့တွင်လည်း မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲမှုကြောင့် မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အလားတူ ဇွန်လ (၈)ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ပန်လော့ရွာ ထောင်မိုင်းပေါက်ကွဲ၍ အရပ်သားပြည်သူတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများ၌ စစ်လက်နက်ကြွင်းကျန်များ မရှင်းလင်းနိုင်သေးသဖြင့် အရပ်သားပြည်သူများအနေဖြင့် တောတောင်နှင့် လက်ဖက်ခြံသို့သွားရာတွင် သတိပြုရန်လိုအပ်ပါသည်။

ထို့အပြင် ဒေသတွင်း မိုင်းရှင်းလင်းရေး အပြည့်အဝမလုပ်ဆောင်နိုင်သေးခင် တောတွင်းဖြစ်စေ လက်ဖက်ခြံတွင်ဖြစ်စေ စစ်လက်နက်ကြွင်းကျန်များ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားပေးရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ လက်ဖက်ခြံတစ်နေရာတွင် စစ်လက်နက်ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်