273

အများပြည်သူ အသုံးပြုသည့်လမ်းအား KIA မှ မြေတူးဖြတ်တောက်ပြီး သံဆူးချွန်များမြှုပ်ထားသဖြင့် ခရီးသွားယာဉ်များ အခက်တွေ့

ဒေသတွင်းသတင်း / ဒေသတွင်း
11 June 2024

အများပြည်သူ အသုံးပြုသည့်လမ်းအား KIA မှ မြေတူးဖြတ်တောက်ပြီး သံဆူးချွန်များမြှုပ်ထားသဖြင့် ခရီးသွားယာဉ်များ အခက်တွေ့ 




နမ္မတူ ၊ ဇွန်လ ၁၀ ရက်

တအာင်ပြည်သတင်း


တအာင်းပြည် တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြား အများပြည်သူအသုံးပြုသည့် လမ်းပိုင်းတွင် KIA တပ်ဖွဲ့မှ လမ်းမကြီးကို မြောင်းဖောက်၍ ဖြတ်တောက်ထားသည့်အပြင် လမ်းမပေါ်တွင် ရွှံ့နွံထဲ၌ သံဆူးချွန်များစိုက်ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များ သံဆူး၍ ဘီးပေါက်မှုကြုံနေရသည်။





ဇွန်လ (၇)နေ့မှစ၍ မြန်မာ - တရုတ် ရေနံပိုက်လိုင်းတစ်လျှောက် အများပြည်သူအသုံးပြုသည့် အဆိုပါလမ်းပိုင်းတွင် KIAအဖွဲ့က  ဖြတ်တောက်ထားခြင်းဖြစ်သည်။ 


ဤလမ်းတွင် နမ္မတူ - မိုင်းဘော် - မိုင်းဝီး - နမ့်ခမ်းအထိ ဆက်သွယ်ထားပြီး ဒေသတွင်း ကျေးရွာပြည်သူလူထုများအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီ၏ တင်းကြပ်စွာ စစ်ဆေးနှောက်ယှက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုတော့ဘဲ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို့ သွားလိုသည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များ ဤလမ်းတွင် အသုံးပြုလာသည်။


KIA သွားလာလှုပ်ရှားသည့် မိုင်းဘော်နယ်ထဲတွင် ယခင်ကတည်းကပင် သွားလာသည့် အရပ်သားပြည်သူများကို မလိုအပ်ဘဲ စစ်ဆေးမေးမြန်ခြင်းများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်ကပင် တအာင်းတပ်မတော် TNLA နှင့် RCSS တို့ကြား ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားချိန်တွင်လည်း RCSS တပ်ဖွဲ့မှ အဆိုပါလမ်းအား သွားလာ၍မရအောင် မြောင်းတူးထားခြင်း၊ ဆူးညောင့်များစိုက်ထားခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဟန့်တားဖြတ်တောက်မှုများ ပြုလုပ်ခဲ့ဖူးသည်။


#KIAလမ်းဖြတ်တောက်

#PSLF/TNLA  

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အများပြည်သူ အသုံးပြုသည့်လမ်းအား KIA မှ မြေတူးဖြတ်တောက်ပြီး သံဆူးချွန်များမြှုပ်ထားသဖြင့် ခရီးသွားယာဉ်များ အခက်တွေ့
Tags: တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်