97

နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ဒေသတွင်းသတင်း / ဒေသတွင်း
15 March 2024

နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး 


နမ္မတူ၊ မတ်လ ၁၅ ရက် 


တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို PSLF/TNLA တာဝန်ရှိသူများက မတ်လ ၁၁ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။ 


ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် နမ္မတူမြို့နယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူများက မန်စံကျေးရွာရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူပိုင် ဘာသာရေးအဆောက်အဦးများကို PSLF/TNLA ၏မြေယာဥပဒေ မူဝါဒနှင့် အညီ ဧရိယာနယ်နိမိတ်များ သတ်မှတ်ပေးခြင်း၊ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများ ပြုလုပ်ခဲ့သည်။ 




"ကျနော်တို့က တအာင်းပြည်နယ်ထဲမှာရှိတဲ့ ဌာနဆိုင်ရာရုံး၊ အများပြည်သူပိုင် စာသင်ကျောင်း၊ ဆေးရုံ နဲ့  ဘာသာရေး အဆောက်အဦးတွေကို ကျနော်တို့ သတ်မှတ်ထားတဲ့ မြေယာဥပဒေမူဝါဒနဲ့အညီ 

ထိန်းသိမ်းသွားဖို့ ကွင်းဆင်းစစ်ဆေးနေတာ ရှိတယ်၊ အခုလည်း နမ္မတူမြို့နယ်ထဲက ဌာနဆိုင်ရာရုံးနဲ့ အများပြည်သူပိုင်တဲ့ မြေယာအဆောက်အဦတွေရဲ့ အကျယ်အဝန်းကို တိုင်းတယ်၊ ပြီးတော့ နယ်နိမိတ်ဧရိယာတွေကို လိုက်ပြီး သတ်မှတ်တယ်"ဟု နမ္မတူမြို့နယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 





နမ္မတူမြို့နယ်အတွင်းရှိ ဧကပေါင်း (၈၀၀၀၀)ကျော် ဝန်းကျင် ရှိသည့် သစ်တောကြိုးဝိုင်းများကို PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ထိန်းသိမ်းထားပြီး မြေယာဥပဒေ မူဝါနှင့်အညီ သစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာများ လိုက်လံ သတ်မှတ်လျက်ရှိသည်။ 


နမ္မတူမြို့နယ်အား PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်ထံမှ အပြီးသတ်သိမ်းပိုက်ခဲ့ကာ PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့်အညီ စီမံအုပ်ချုပ်နေပြီ ဖြစ်သည်။ 


PSLF/TNLA

သတင်းနှင့် ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်