တအာင်းပြည်ကျန်းမာရေးကောင်စီ - THC မှ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်ပြီး မိဘပြည်သူများသို့ အသိပေးနှိုးဆော်
နမ့်ဆန်၊ နိုဝင်ဘာ ၁၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တအာင်းပြည်ကျန်းမာရေးကောင်စီ - THC မှ ရာသီဥတုအကူးအပြောင်းကာလများတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရေးအတွက် မိဘပြည်သူများအား အသိပေးနှိုးဆော်ထားပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် Dengue Virus ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး နေ့ဘက်တွင် ကိုက်တတ်သော Aedes Mosquito (အေဒစ်ခြင်) များမှ တစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းဖြစ်သည်။ အထူးသဖြင့် နံနက် နေထွက်ပြီး (၂) နာရီမှ ညနေ နေဝင်ခင် (၂) နာရီအတွင်း အဆိုပါခြင်များ ကိုက်တတ်ကာ လူမှ လူသို့ တိုက်ရိုက်ကူးစက်ခြင်းဖြစ်သည်။
သာမန်သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများအနေဖြင့် ခြင်ကိုက်ခံရပြီး (၄) ရက်မှ (၁၀) ရက်အတွင်း ရုတ်တရက် အဖျားကြီးခြင်း၊ ခေါင်း/ မျက်လုံးအိမ်/ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်းနှင့် အနီစက်/ အမဲစက်များ အကွက်လိုက်ထွက်ခြင်း၊ ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်ခြင်းများ ဖြစ်ပွားတတ်သည်။

ထို့အပြင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများအနေဖြင့် အဖျားကျပြီး (၂၄) နာရီမှ (၄၈) နာရီအတွင်း ဗိုက်အလွန်အောင့်ခြင်း၊ အဆက်မပြတ် အန်ခြင်း၊ ဝမ်းတွင်း သွေးပါခြင်း၊ နှာခေါင်း သွေယိုခြင်း (သို့မဟုတ်) သွားဖုံးသွေးယိုခြင်း၊ အလွန်မောပန်းပြီး ဂဏှာမငြိမ်ဖြစ်ခြင်း စသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသကုသမှု ခံယူရမည် ဖြစ်သည်။
အဆိုပါရောဂါအားခံစားရပါက အိမ်တွင်းပြုစုစောင့်ရှောက်နည်းအနေဖြင့် ရေနှင့် အာဟာရဖြစ်စေမည့် အရည်များများ တိုက်ပေးရမည်ဖြစ်ပြီး အဖျားသက်သာစေရန် Paracetamol ကိုသာ (၆) နာရီလျှင် (၁) ကြိမ် (တစ်နေ့လျှင် ၄ ကြိမ်ထက်မပိုစေဘဲ) တိုက်ကျွေးရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် မိမိအိမ်ပတ်ဝန်းကျင်တွင် ရေဝပ်နိုင်သော သောက်ရေအိုး၊ ရေကန်၊ ပန်းအိုးများနှင့် ရေတင်နိုင်သော စွန့်ပစ်ပစ္စည်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်၊ ထည့် နည်းလမ်းများဖြင့် နေ့စဥ် ပုံမှန်ရှင်းလင်းပေးရန် လိုအပ်မည်ဖြစ်သည်။
မိဘပြည်သူများအနေဖြင့် ခြင်ကိုက်မခံရစေရန် ခြင်ထောင်အတွင်း အိပ်စက်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီကြရန် THC မှ အသိပေး နှိုးဆော်အပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ