နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) ရွာ စုပေါင်း၍ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုပြင်ပြီးစီး
နမ့်ဆန်၊ အောက်တိုဘာ ၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူကြီးကျေးရွာအုပ်စုရှိ ကျောက်ဖြူ၊ ကျောက်ခေါင်း၊ မြိုင်၊ တောင်သုံးဆယ်ကျေးရွာတို့မှ ပြည်သူလူထုများ စုပေါင်း၍ နမ့်ဆန်မြို့၊ မန်မိုင်ရပ်ကွက်နှင့် တောင်သုံး ဆယ်ကျေးရွာကို ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းမကြီးတစ်လျှောက်ရှိ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ပြီးစီးခဲ့သည်။

အဆိုပါလမ်းပြန်လည်ပြုပြင်ရန်အတွက် ပြင်ပရောက် တအာင်းလူငယ်များနှင့် ဒေသခံ စေတနာ အလှူရှင်များက စုပေါင်း၍ ကျပ်သိန်း (၁၅၀) ကျော် လှူဒါန်းခဲ့ကြပြီး ပြည်သူလူထုများ၏ စုပေါင်းလုပ်အားဖြင့် စက်တင်ဘာလ (၂၈) ရက်မှ အောက်တိုဘာလ (၇)ရက်အထိ ပြုပြင်ဆောင်ရွက်ခဲ့ကြသည်။

ပြုပြင်ရေးလုပ်ငန်းများတွင် ပျက်စီးနေသည့် လမ်းပိုင်းများ၌ စုစုပေါင်း အရှည် (၄၁၂) ပေ၊ အနံ (၁၉) ပေ၊ အထူ(၈)လက်မခန့် ကွန်ကရစ်ထပ်လောင်းခြင်း၊ မြေသားညှိခြင်း၊ ကျောက်ခင်းခြင်းနှင့် ရေမြောင်းများပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

အဆိုပါလမ်းကို ကျေးရွာများအကြား သွားလာရေးပိုမိုအဆင်ပြေစေရန်၊ ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် သွားလာရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်၊ မန်နောက်၊ ကွမ်ဟယ်၊ ခွန်ဟောက်အုပ်စုတို့မှ ဒေသခံပြည်သူများ စုပေါင်း၍ ပန်ရေကန်နှင့် နောက်လွယ်ကျေးရွာကြားရှိ လမ်းမကြီးကို စုပေါင်းအင်အားဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ