နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ် (၂) အရံမီးသတ်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြီးစီး
နမ္မတူ၊ အောက်တိုဘာ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ် (၂) အရံမီးသတ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၃) ရက်နေ့၌ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာန ဒုဌာနမှူး နော;မှဲမ်မှ မီးဘေးအန္တရာယ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိဘပြည်သူများအား မီးဘေးအန္တရာယ်မှ အပြည့်အဝကာကွယ်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးနှင့်ပတ်သက်သည့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရံမီးသတ်တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
သင်တန်းကို (၂၅) ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား (၄၇) ဦး တက်ရောက်သွားမည်ဖြစ်သည်။ သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ၊ မီးသတ်ဥပဒေ၊ မီးသတ်ဆေးဗူးအသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်း၊ အဆင့်မြင့် မီးသတ်ရေပိုက်လိုင်းများ အသုံးပြု၍ မီးငြှိမ်းသတ်ရေး နည်းဗျူဟာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း စသည့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်သည်။

ထို့အပြင် သင်တန်းကို ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ စာတွေ့၊ လက်တွေ့ ပေါင်းစပ်ကာ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အခြားသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

အခမ်းအနားသို့ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာန ဒုဌာနမှူး နော;မှဲမ်၊ ဗဟိုမီးသတ်ဌာနမှူး ဗိုလ်မှူးကြီး တံင်ရိူန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းစာပေကော်မတီဥက္ကဋ္ဌ၊ တအာင်းစာပေကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆရာများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၉၀) ခန့်ကျော် တက်ရောက်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ