တအာင်းမြေတက္ကသိုလ်နှင့် တအာင်းစာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်း၍ သိုင်းအကသင်တန်းဖွင့်လှစ်ကာ ပြိုင်ပွဲကျင်းပ
နမ့်ဆန်၊ စက်တင်ဘာ ၂၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့တွင် တအာင်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ မပျောက်ပျက်စေရန်နှင့် ဆက်လက်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ တအာင်းမြေတက္ကသိုလ်နှင့် တအာင်းစာပေယဉ်ကျေးမှု ကော်မတီမှ ပူးပေါင်း၍ တအာင်းရိုးရာ သိုင်းအကပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

အဆိုပါအခမ်းအနားကို နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး နမ့်ဆန်မြို့ တအာင်းစာပေယဉ်ကျေးမှု ကော်မတီဥက္ကဌ ဦးဘသောင်းမှ တအာင်းရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ ရိုးရာအကယဉ်ကျေးမှုအမွေအနှစ်တမျိုး လက်ဆင့်ကမ်းနိုင်ခြင်းနှင့် တအာင်းရိုးရာသိုင်းအကများ မပျောက်ပျက်အောင် လေ့ကျင့်သင်ယူသင့်ကြောင်း ပြောကြားခဲ့သည်။
ဤသင်တန်းကို ပြီးခဲ့သည့် သြဂုတ်လ (၅) ရက်နေ့စတင်၍ သင်တန်းသား (၂၀) ဦးနှင့် သင်တန်းသူ (၁၈) ဦးတို့ကို (၈) ရက်တိုင်တိုင် လက်နက်မဲ့သိုင်း (အလှသိုင်း) ဘာသာရပ်ကို ပိုချပေးခဲ့ပါသည်။ သင်တန်းကာလအတွင်း ထူးချွန်သော သင်တန်းသူ/သားများအား အဖွဲ့လိုက် ထူးချွန်ဆု၊ တစ်ဦးချင်း ထူးချွန်ဆု၊ သင်တန်းတက်မှန်ဆုနှင့် သင်တန်းဆင်းလက်မှတ် (Certificate) များကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့သင်တန်းသည် တအာင်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ မပျောက်ပျက်စေရန်နှင့် ဆက်လက်တည်တံ့ ခိုင်မြဲစေရန်၊ မျိုးဆက်သစ်လူငယ်များအတွက် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန်၊ မိမိကိုယ်ကိုအပြင် အခြားသူများကိုလည်း ကာကွယ်စောင့်ရှောက်နိုင်စေရန်၊ တအာင်းရိုးရာဓလေ့ပွဲတော်တွင် ကပြဖျော်ဖြေနိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များကိုလည်း ရိုးရာသိုင်းအက လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့ပြင် ကျေးရွာတိုင်း သင်ကြားပို့ချပေးနိုင်ရန်နှင့် လက်နက်ဖြင့် သင်ကြားပို့ချပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။


အခမ်းအနားတွင် နမ့်ဆန်မြို့ တအာင်းစာပေယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးဘသောင်း၊ တအာင်းမြေတက္ကသိုလ်တာဝန်ရှိသူမှ ဒေါက်တာဟောည်၊ သင်ကြားပေးသော ဆရာ/မများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၆၀) ဦး တက်ရောက်ခဲ့သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ