လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (TLEF) မှ လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဖွင့်လှစ်
နမ့်ဆန်၊ စက်တင်ဘာ ၁၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ်လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်သည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) ကျောင်းဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက် နမ့်ဆန်မြို့နယ်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ပါင်လ၊ တအာင်းမြေတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာဟောည်၊ TLEF ကျောင်းဘုတ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားဟောင်းများနှင့် အပတ်စဉ် (၄) တက်ရောက်မည့် ကျောင်းသား၊သူ (၃၆) ဦးအပါအဝင် စုစုပေါင်း လူဦးရေ (၁၅၀) ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဗိုလ်မှူးကြီး ပါင်လက တအာင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ် လူငယ်လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်နိုင်မှသာ အမှားနှင့်အမှန် ခွဲခြားသိမြင်နိုင်ပြီး ငြိမ်းချမ်းသာယာသည့် လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် TLEF ကျောင်းဘုတ်အဖွဲ့ဝင်နှင့် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် မိုင်းတင်အောင်က ကောင်းမွန်သည့် လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် ကောင်းမွန်သည့် စဉ်းစားတွေးခေါ်မှု ရှိရန်လိုအပ်ကြောင်း၊ အဆိုပါ စဉ်းစားတွေးခေါ်မှုများ ရရှိနိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးသိပ္ပံကျောင်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်းတွင် သင်တန်းကာလ (၂) နှစ် ကြာမြင့်မည်ဖြစ်ပြီး Semester (၂) ခု ဖြင့် အဆင့်လိုက် သင်ကြားပို့ချသွားမည်ဖြစ်သည်။ ပထမနှစ်တွင် အခြေခံစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် နိုင်ငံရေးနှင့် မူဝါဒဆိုင်ရာ ဘာသာရပ်များကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သူများအား နိုင်ငံရေးသိပ္ပံ ဒီပလိုမာဘွဲ့ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၁) ကို ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ကျောင်းသား၊သူ (၂၇) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂) ကို ၂၀၁၈ ခုနှစ်တွင် လားရှိုးမြို့၌ ကျောင်းသား၊သူ (၂၅) ဦးဖြင့် တက်ရောက်သင်ယူခဲ့ကြသည်။ ထို့နောက် ၂၀၂၅ ခုနှစ်တွင် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ကျောင်းသား၊သူ (၃၄) ဦးဖြင့် ကျင်းပခဲ့သည်။
လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်းကို တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် နိုင်ငံရေးအသိပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့် လူငယ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခင်အပတ်စဉ်များမှ သင်တန်းသား၊သူများသည်လည်း တအာင်းပြည်၏ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
Website Official
Telegram Official Channel
Telegram Link – Ta’ang TV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ