တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်ဖွင့်လှစ်သည့် ဆရာဖြစ်သင်တန်း (TOT) အပတ်စဥ် (၆) သင်တန်းဆင်းပွဲအား အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော် တက်ရောက်
နမ့်ခမ်း၊ သြဂုတ် ၂၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်ဖွင့်လှစ်သည့် ဆရာဖြစ်သင်တန်း (TOT) အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ (၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ဘုန်းကျော်မှ သင်တန်းဆင်း ဆရာ/မများသည် တအာင်းစာသင်ကြားရေးဆရာများအဖြစ်သာမက တအာင်းစာပေ၊ ဘုံစာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ကာ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးမည့် ဦးဆောင်သူများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကာ ဆရာကျင့်ဝတ်နှင့် လုပ်ငန်းတာဝန်များကို လေးစား လိုက်နာကာ တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။
ထို့အပြင် တအာင်းစာကို အနာဂတ်တွင် တက္ကသိုလ် မေဂျာဘာသာရပ်နှင့် မဟာဘွဲ့အဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းထားသကဲ့သို့ နည်းပညာခေတ်နှင့်အညီ ဒစ်ဂျစ်တယ်ကမ္ဘာတွင်လည်း တအာင်းစာ၏ အခန်းကဏ္ဍ ပိုမိုခိုင်မာကျယ်ပြန့်လာစေရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် အိုမ်တမာဝ်း၊ တအာင်းစာအဖွဲ့ဥက္ကဋ္ဌ ဦးလှအောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများအပါအဝင် စုစုပေါင်း လူဦးရေ (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းကာလအတွင်း တအာင်းအခြေခံစာ၊ တအာင်းဝါကျနှင့် စာကြောင်းဖွဲစည်းနည်း၊ တအာင်းစာပေမေးခွန်းရေးဆွဲနည်း၊ Teacher Guide အသုံးပြုနည်း၊ Lesson Planning ရေးဆွဲနည်း၊ Classroom Management အပါအဝင် သင်ကြားရေးဆိုင်ရာ အခြေခံနှင့် လက်တွေ့အသုံးချ ဘာသာရပ်များကို စနစ်တကျ သင်ကြားပိုချပေးခဲ့သည်။
အခမ်းအနားတွင် သင်ကြားရေးကာလတစ်လျှောက် ထူးချွန်စွာ သင်ယူခဲ့သည့် သင်တန်းသား/သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificate) များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းသင်တန်းပြီးသွားသည့် သင်တန်းသား/သူများသည် တအာင်းပြည်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအား မိခင်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းသင်ကြားပေးမည့် ပညာရေးဝန်ထမ်းများအဖြစ်ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ