တအာင်းပညာရေးအကယ်ဒမီ-TEA ၏ ဆရာအတတ်ပညာဒီပလိုမာသင်တန်း အပတ်စဉ် (၄) ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြီးစီး
နမ့်ဆန်၊ သြဂုတ် ၂၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်ပညာရေးအကယ်ဒမီ (TEA) မှ ဦးစီးဖွင့်လှစ်သည့် ဆရာအတတ်ပညာဒီပလိုမာသင်တန်း (Diploma in Teacher Education - DTED) အပတ်စဉ် (၄) ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် နမ့်ဆန်မြို့နယ်ရှိ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗိုလ်မှူးချုပ် တားဂူဇာရ်၊ တအာင်းပြည်ပညာရေးကောင်စီမှ တာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ် တားဘုန်းကျော်မှ TEA ကို မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပညာရေးအင်စတီကျူးရှင်းတစ်ရပ် ဖြစ်လာစေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမှတစ်ဆင့် လွတ်လပ်ပြီး ပွင့်လင်းသည့် ဒီမိုကရက်တစ်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသည် ပညာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်သောကြောင့် မျှော်မှန်းထားသည့်အတိုင်း အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား/သူ (၉၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကာလအတွင်း ပညာရေး၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနှင့် တအာင်းရုံးသုံးစာ စသည့် ဘာသာရပ်များကို အဓိကသင်ကြားမည်ဖြစ်ပြီး အနုပညာ (ပန်းချီ၊ ဂီတ)၊ ကာယ၊ ဒေသသင်ရိုး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာနှင့် အင်္ဂလိပ်စာအခြေခံစွမ်းရည် (၄) ရပ်တို့ကို တွဲဖက်သင်ရိုးများအဖြစ် သင်ကြားမည်ဖြစ်သည်။

တအာင်းပြည်ရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းဝီး၊ နမ္မတူနှင့် မိုင်းငေါ့မြို့နယ်များမှ လူငယ်များသည် အဆိုပါသင်တန်းသို့ တက်ရောက်ကြသည်။ ဒီပလိုမာအဆင့် အောင်မြင်ပြီးဆုံးသူများအနေဖြင့် တအာင်းပြည်ပညာရေးကောင်စီ (TLEC) က ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် ဆရာ/မများအဖြစ် တာဝန်ထမ်းဆောင်နိုင်သကဲ့သို့ B.Ed နှင့် B.A/B.Sc အဆင့် သင်တန်းများကိုလည်း ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသော ဆရာ/မများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
ဆရာအတတ်ပညာဒီပလိုမာသင်တန်း အပတ်စဉ် (၃) ဖွင့်လှစ်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် ကျင်းပခဲ့ပြီး လက်ရှိတွင် တအာင်းပညာရေးအကယ်ဒမီ (TEA) ၌ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TLG
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ