တအာင်းပြည်ပညာရေးကောင်စီမှ Grade-12 ပြည်နယ်စစ်နှင့် အထက်တန်းအဆင့် စာမေးပွဲစစ်ဆေးအကဲဖြတ်မှု အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နမ့်ဆန်၊ သြဂုတ် ၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း Grade-12 ပြည်နယ်စစ်စာမေးပွဲနှင့် အထက်တန်းအဆင့် စစ်ဆေးအကဲဖြတ်မှုစနစ်များကို စံချိန်စံညွှန်းတစ်ပြေးညီ အကောင်အထည်ဖော်နိုင်ရေးနှင့် စစ်ဆေးအကဲဖြတ်မှု အရည်အသွေး ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ တအာင်းပြည်ပညာရေးကောင်စီမှ ၂၀၂၆–၂၀၂၇ ပညာသင်နှစ် စာမေးပွဲစစ်ဆေးအကဲဖြတ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ဇူလိုင်လအတွင်း သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွင်း ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်း (၃၂) ကျောင်းအနက် (၂၄) ကျောင်းတွင် အောင်မြင်စွာ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောင်းများတွင်လည်း လာမည့်လအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စွမ်းရည်အခြေပြုပညာရေး (Competency-Based Education)၊ အတန်းတွင် သင်ယူမှုတိုးတက်ရေးအတွက် စစ်ဆေးအကဲဖြတ်နည်းများ၊ နှစ်ဆုံးစာမေးပွဲ စစ်ဆေးအကဲဖြတ်ခြင်း၊ Assessment Formats အသုံးပြုနည်း၊ စာသင်ခန်း၊ ကျောင်း၊ မြို့နယ်နှင့် ပြည်နယ်အဆင့် အကဲဖြတ်ဆောင်ရွက်နည်းများ၊ Assessment Records ရေးသွင်းထိန်းသိမ်းနည်းနှင့် Assessment Tools ရေးဆွဲအသုံးပြုနည်းများကို လက်တွေ့လေ့ကျင့်ခန်းများဖြင့် ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်မှစတင်၍ စာမေးပွဲအမှတ်တစ်ခုတည်းအပေါ် မူတည်သည့် အကဲဖြတ်စနစ်ထက် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုဖြစ်စဉ်တစ်လျှောက် စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုနှင့် သင်ယူတတ်မြောက်မှုများကို အလေးထားသည့် ဘက်စုံစစ်ဆေးအကဲဖြတ်မှုစနစ်ကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
၎င်းနှင့်အညီ ပြည်နယ်တစ်ဝန်း စာမေးပွဲစစ်ဆေးအကဲဖြတ်မှု စံချိန်စံညွှန်းများ တစ်ပြေးညီဖြစ်စေရေးအတွက် စံနှုန်းများနှင့် အမှတ်ပေးသတ်မှတ်ချက်များ ထုတ်ပြန်ခြင်း၊ ဆရာ၊ ဆရာမများအတွက် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် စစ်ဆေးအကဲဖြတ်မှုစံနှုန်းများကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်မွမ်းမံခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တအာင်းပြည်ပညာရေးကောင်စီ၏ အဆိုအရ ယခုကဲ့သို့ စံချိန်စံညွှန်းနှင့်အညီ စနစ်တကျ စစ်ဆေးအကဲဖြတ်နိုင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အားသာချက်၊ အားနည်းချက်များကို အချိန်မီသိရှိနိုင်ပြီး သင်ကြားရေးဆိုင်ရာ ပံ့ပိုးမှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင် တအာင်းပြည်၏ ပညာရေးစနစ်ကို ခေတ်မီပညာရေးစနစ်သို့ အဆင့်မြှင့်တင်ရာတွင် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းစဉ်များကို ဆက်လက်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ