2009

တအာင်းပြည်အတွင်း မိခင်နှင့် ကလေးကျန်းမာရေးမြှင့်တင်နိုင်ရေးအတွက် ရောဂါစောင့်ကြည့်ရေးနှင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
16 July 2026

တအာင်းပြည်အတွင်း မိခင်နှင့် ကလေးကျန်းမာရေးမြှင့်တင်နိုင်ရေးအတွက် ရောဂါစောင့်ကြည့်ရေးနှင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နမ့်ဆန်၊ ဇူလိုင် ၁၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်အတွင်း ရောဂါစောင့်ကြည့်ရေးလုပ်ငန်းများ အားကောင်းလာစေရေးနှင့် မိခင်များ၊ အသက် (၅) နှစ်အောက် ကလေးငယ်များ၏ အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်နိုင်ရေးကို ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီမှ ၂၀၂၆ ခုနှစ် မေလမှစတင်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။




၂၀၂၆ ခုနှစ် မေလအတွင်း ရောဂါစောင့်ကြည့်ရေးလုပ်ငန်းစဉ်အရ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့ပြင် မိခင်နှင့် အသက် (၅) နှစ်အောက် ကလေးငယ်များ၏ အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအဖြစ် မိခင်နှင့်ကလေး အာဟာရဆိုင်ရာ ဆွေးနွေးပညာပေးခြင်း၊ အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် ဖြည့်စွက်စာကျွေးမွေးနည်း အသိပညာပေးခြင်းနှင့် အာဟာရချက်ပြုတ် သရုပ်ပြအစီအစဉ်များကို နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၁၅) ရွာနှင့် မန်တုံမြို့နယ်ရှိ ကျေးရွာ (၈) ရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။




ကွင်းဆင်းစစ်ဆေးမှုများအရ လတ်တလော အသင့်အတင့် အာဟာရချို့တဲ့သည့် ကလေးငယ် (၁၇) ဦးနှင့် ပြင်းထန်စွာ အာဟာရချို့တဲ့သည့် ကလေးငယ် (၆) ဦး၊ စုစုပေါင်း (၂၃) ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ အသင့်အတင့် အာဟာရချို့တဲ့သည့် ကလေးငယ်များအား ပြင်ပလူနာအဖြစ် ဖြည့်စွက်စာ (၃) လ တိုက်ကျွေးကုသပေးလျက်ရှိပြီး ပြင်းထန်စွာ အာဟာရချို့တဲ့သည့် ကလေးငယ်များကို အပိုဆောင်းဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်းနှင့် အနီးကပ်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။




အာဟာရချို့တဲ့မှုကို ကြိုတင်ကာကွယ်နိုင်ရန် အသက် (၆) လမှ (၂၄) လအတွင်း ကလေးငယ်များအား မိခင်နို့နှင့်အတူ အသက်အရွယ်အလိုက် ဆန်ပြုတ်ပျစ်ပျစ်နှင့် ခြေမွစာများကို တစ်နေ့လျှင် (၂) ကြိမ်မှ (၄) ကြိမ်အထိ တိုးမြှင့်ကျွေးမွေးသင့်ကြောင်း၊ အသက် (၂) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအား ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အသား၊ ငါး၊ ဥ၊ ပဲ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါဝင်သည့် အာဟာရအုပ်စုများကို မျှတစွာ ကျွေးမွေးပေးရန်နှင့် လုံလောက်စွာ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေးအသိပညာပေးထားသည်။




ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အသင့်အတင့် အာဟာရချို့တဲ့သည့် ကလေးငယ်များသည် သာမန်ကလေးငယ်များထက် သေဆုံးနိုင်ခြေ (၄) ဆ ပိုမိုမြင့်မားပြီး ပြင်းထန်စွာ အာဟာရချို့တဲ့သည့် ကလေးငယ်များသည် (၁၁) ဆအထိ ပိုမိုမြင့်မားကြောင်း သိရသည်။ ထို့ပြင် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုအားလုံး၏ (၄၅) ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။




တအာင်းပြည်ကျန်းမာရေးကောင်စီအနေဖြင့် တအာင်းပြည်အတွင်း ကလေးသူငယ်သေဆုံးမှုနှုန်း လျော့ကျစေရေး၊ မိခင်နှင့် ကလေးငယ်များ၏ အာဟာရနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရေးတို့ကို ရည်ရွယ်၍ ရောဂါစောင့်ကြည့်ရေးနှင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း မိခင်နှင့် ကလေးကျန်းမာရေးမြှင့်တင်နိုင်ရေးအတွက် ရောဂါစောင့်ကြည့်ရေးနှင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်