2004

အုမ်းစွမ်နှင့် အုမ်းတက်ကျေးရွာတွင် လူငယ်မျိုးဆက်များ၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုအသိပညာ မြှင့်တင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
14 July 2026

အုမ်းစွမ်နှင့် အုမ်းတက်ကျေးရွာတွင် လူငယ်မျိုးဆက်များ၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုအသိပညာ မြှင့်တင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

 

နမ့်ဆန်၊ ဇူလိုင် ၁၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာနှင့် အုမ်းတက်ကျေးရွာတို့တွင် လူငယ်မျိုးဆက်သစ်များ၏ ဘာသာရေးအသိပညာ၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးကို ရည်ရွယ်၍ တအာင်းဘာသာဖြင့် အခြေခံဗုဒ္ဓဘာသာ၊ ယဉ်ကျေးလိမ္မာသင်တန်းကို (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပြီးစီးခဲ့သည်။


သင်တန်းသို့ အုမ်းစွမ်ကျေးရွာတွင် ဇွန်လ (၂၉) ရက်နေ့မှ ဇူလိုင်လ (၄) ရက်နေ့အထိ Grade-5 မှ Grade-11 အထိ ကျောင်းသူ/သား (၉၅) ဦးနှင့် အုမ်းတက်ကျေးရွာတွင် ဇူလိုင်လ (၆) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အထိ Grade-5 မှ Grade-9 အထိ ကျောင်းသူ/သား (၅၃) ဦး တက်ရောက်ခဲ့ကြသည်။


သင်တန်းကာလအတွင်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာများ၊ ဩကာသကန်တော့ချိုး၊ (၃၈) ဖြာမင်္ဂလာ၊ မေတ္တာပို့နည်း၊ အမျှဝေနည်း၊ ဗုဒ္ဓဝင်အကျဉ်းချုပ်နှင့် အခြေခံဝိပဿနာဘာဝနာဆိုင်ရာ အသိပညာများကို မိခင်တအာင်းဘာသာဖြင့် သင်ကြားပို့ချပေးခဲ့သည်။

 

ထို့ပြင် သင်တန်းကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များအလိုက် ခွဲခြားသင်ကြားပေးခဲ့ပြီး နေ့စဉ် နံနက် (၉:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ စနစ်တကျ လေ့လာသင်ယူစေခဲ့သည်။ သင်ကြားပို့ချမှုများကို ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ဆရာတော် ဘဒ္ဒန္တပညာနန္ဒ၊ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏတို့ အပါအဝင် ဆရာတော်များနှင့် ဆရာ/ဆရာမများက ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဆရာတော် ဘဒ္ဒန္တပညာနန္ဒက အဆိုပါသင်တန်းကို နှစ်စဉ် စာသင်ကျောင်းများတွင် ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး သာသနာရေးနှင့် ပညာရေးကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်နိုင်ပါက လူငယ်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များ ရရှိလာမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ထို့နောက် သင်တန်းကာလအတွင်း ထူးချွန်စွာ တက်ရောက်သင်ယူခဲ့ကြသည့် ကျောင်းသူ/သားများအား အောင်လက်မှတ်များ၊ ဂုဏ်ပြုဆုများနှင့် နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။


အလားတူ ပြီးခဲ့သည့် ဇွန်လအတွင်းတွင်လည်း နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာနှင့် အာရမ်းကျေးရွာတို့တွင် Grade-5 မှ Grade-12 အထိ ကျောင်းသူ/သား စုစုပေါင်း (၃၀၀) ကျော်အား အခြေခံဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှုနှင့် လိမ္မာရေးခြားပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အုမ်းစွမ်နှင့် အုမ်းတက်ကျေးရွာတွင် လူငယ်မျိုးဆက်များ၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုအသိပညာ မြှင့်တင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်