မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၅) ဦးအား အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေး အစီအစဉ်ပြီးမြောက်၍ မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်
မိုင်းလုံ၊ ဇူလိုင် ၁၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်စေရေးကို ရည်ရွယ်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ်တွင် (၆) လကြာ တက်ရောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲခဲ့သူ အမျိုးသား (၅) ဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့တွင် အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ် (၆) လကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် အသက် (၄၉) နှစ်အရွယ် ဦးအိုက်ကန်၊ အသက် (၃၁) နှစ်အရွယ် ကိုအိုက်ပီး၊ အသက် (၅၇) နှစ်အရွယ် ဦးဆန်ကြာ၊ အသက် (၅၅) နှစ်အရွယ် ဦးဆန်းဝင်းနှင့် အသက် (၄၃) နှစ်အရွယ် ဦးသားချောတို့အား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့ကို မိုင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိပြီးနောက် အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပြန်လည်ထိန်းကျောင်းခြင်း၊ အသိပညာပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးအစီအစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပထမအကြိမ် ဖမ်းဆီးရမိပါက အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပို့ဆောင်ထိန်းကျောင်းမည်ဖြစ်ပြီး၊ ပြန်လည်သုံးစွဲကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေပုဒ်မ (ခ) အရ (၂) နှစ်မှ (၃) နှစ်အထိ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းသို့ ပို့ဆောင်အရေးယူသွားမည်ဖြစ်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုအသိုက်အဝန်းဖော်ဆောင်နိုင်ရေး၊ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ