တအာင်းပြည်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
နမ့်ဆန်၊ ဇူလိုင် ၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူ၊ နမ့်ခမ်းနှင့် နမ့်ဆန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများသော်လည်းကောင်း ဤပြဿာနာသည် တအာင်းပြည်အတွင်း လူသားအရင်းအမြစ်များကို ပျက်စီးစေရုံသာမက အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်နေသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် တိုက်ဖျက်သွားရမည်ဖြစ်ကြောင်းနှင့် ခေတ်မီဆန်းသစ်လာသည့် စိတ်ပြောင်းဆေးဝါးများ ဝင်ရောက်မှုကို တားဆီးနိုင်ရေး နယ်စပ်ဂိတ်များနှင့် လမ်းကြောင်းများကို ပူးပေါင်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုနှင့် ဥပဒေများကို ဆွေးနွေးခဲ့ပါသည်။

ထို့ဆွေးနွေးပွဲနှင့်ပတ်သက်၍ နမ္မတူမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဦးဆောင်ပြီး တပ်မဟာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးများ ပပျောက်သွားအောင် တားဆီးနှိမ်းနှင်းရေးလုပ်ငန်းများနှင့် အရေးယူမှုပိုင်ဆိုင်ရာ ဥပဒေများကို တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုလုပ်ငန်းဆောင်ရွက်မှုမပြုလုပ်ခင် ပြည်သူလူထုများထံ ကွင်းဆင်း၍ အသိပညာပေးပြုလုပ်သွားမည်ကိစ္စလည်း ဆွေးနွေးခဲ့ကြပါသည်။
အလားတူ နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာတွင် ဇွန်လ (၂၁) ရက်နေ့၌ ကော်မတီမှ ကွင်းဆင်း၍ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသော အပင်များ စိုက်ပျိုးခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များအပေါ် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် အရေးယူဆောင်ရွက်မှုများကို ပြည်သူလူထုများထံ အသိပညာပေးမှု ပြုလုပ်ခဲ့ပါသည်။
နမ့်ဆန်မြို့တွင်လည်း ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့၌ မြို့နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်သွားရန် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်မှုအခြေအနေများ၊ ဥပဒေဆိုင်ရာမျာ၊ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဦးဆောင်ပြီး ပြည်သူလူထုများထံ အသိပညာပေးမှု ပြုလုပ်ခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာသည့် ပြည်သူလူထုများက မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုအသိုက်အဝန်း ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့်အကြံပြုချက်များကိုလည်း တက်ကြွစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။ PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ကျန်ရှိနေသော မြို့များနှင့် ကျေးရွာများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ