1981

တအာင်းပြည်တွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်နိုင်ရေးအတွက် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဝင်ခွင့်လျှောက်လွှာခေါ်ယူ

ဒေသတွင်းသတင်း / ဒေသတွင်း
04 July 2026

တအာင်းပြည်တွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်နိုင်ရေးအတွက် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဝင်ခွင့်လျှောက်လွှာခေါ်ယူ

နမ့်ဆန်၊ ဇူလိုင် ၄ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်အတွင်း လူငယ်များ၏ နိုင်ငံရေးအတွေးအခေါ်၊ ဦးဆောင်မှုစွမ်းရည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်မည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေးအတွက် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) က ဖွင့်လှစ်သည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) အတွက် ကျောင်းသား/သူများ၏ ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူနေပါသည်။


 
အဆိုပါ နိုင်ငံရေးသိပ္ပံကျောင်းသို့ အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်းရှိ နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်များကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပြီး ဝင်ခွင့်လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။


 
လျှောက်ထားသူများသည် ပညာရေးစနစ်ဟောင်း Grade (10) သို့မဟုတ် ပညာရေးစနစ်သစ် Grade (12) တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီသူများထဲမှ ကျောင်းသား/သူ (၃၀) မှ (၃၅) ဦး ကိုသာ ရွေးချယ်လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကာလမှာ (၂) နှစ် (Semester ၂ ခု) ဖြစ်ပြီး အောင်မြင်စွာ ပြီးဆုံးသူများအား Diploma in Political Science ဘွဲ့အပ်နှင်းသွားမည်ဖြစ်သည်။ သင်ကြားရေးအစီအစဉ်အရ ပထမနှစ်တွင် ယုံကြည်မှုတည်ဆောက်ခြင်း၊ တအာင်းရုံးသုံးစာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အခြေခံလူ့အခွင့်အရေးနှင့် တစ်ဦးချင်းစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်သည်။
 

ဒုတိယနှစ်တွင် ပြည်တွင်း၊ ပြည်ပမှ အတွေ့အကြုံရှိ ကျွမ်းကျင်သည့် ဆရာ/မများက အခြေခံနှင့် အဆင့်မြင့်နိုင်ငံရေးပညာရပ်များ၊ နိုင်ငံရေးအတွေးအခေါ်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း မြှင့်တင်ရေး၊ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သုတေသနရေးသားခြင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့ပြင် Semester အလိုက် သတ်မှတ်ထားသည့် သင်ယူမှုအကဲဖြတ်စနစ်များ၊ Assignments နှင့် Activities များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 


လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်းကို လူငယ်များ၏ နိုင်ငံရေးအတွေးအခေါ်၊ ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းများ မြှင့်တင်ပေးကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သော လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
 
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ က ကျင်းပခဲ့သည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် ကျောင်းသား/သူ (၃၄) ဦး သင်တန်းအောင်မြင်ခဲ့ကြပြီး လက်ရှိတွင် နယ်ပယ်အသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။
 
ဝင်ခွင့်လျှောက်လွှာ (Hard Copy) ဖြင့် လျှောက်ထားလိုသူများအနေဖြင့် PDF လျှောက်လွှာပုံစံကို သက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် Link မှ ရယူနိုင်သည့်အပြင် ဖော်ပြထားသော ဖုန်းနံပါတ်များ၊ အီးမေးလ်နှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အသေးစိတ်စုံစမ်း၍ လျှောက်ထားနိုင်ပါသည်။

PDF ဖောင်ကို အောက်က attachment မှာ Download ရယူနိုင်ပါသည်
https://1drv.ms/b/c/685d56abdf3a5f8f/IQB4P7F_WlxwR7c-lK0gYhNlAa764DmPjqWOhPw7D_pe-vE?e=nhbzxx

ဆက်သွယ်ရန်
09778059480 / 09675245100 / 09264607536
[email protected]
WhatsApp & Signal 09675245100 / 09264607536
https://www.facebook.com/share/v/17jWtE6wrj/

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်နိုင်ရေးအတွက် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဝင်ခွင့်လျှောက်လွှာခေါ်ယူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်