ကောင်းတပ်ကျေးရွာတွင် မတော်တဆယမ်းပေါက်ကွဲမှုဖြစ်စဉ်အပေါ် ပြန်လည်ထူထောင်ရေးနှင့် ကူညီပံ့ပိုးရေးလုပ်ငန်းများအား အမြန်ဆုံး အရှိန်မြှင့်ဆောင်ရွက်မည်
နမ့်ခမ်း၊ ဇူလိုင် ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ယမ်းပျော့မတော်တဆပေါက်ကွဲမှုဖြစ်စဉ်အပြီး ထိခိုက်နစ်နာခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လိုအပ်သည့် ကူညီပံ့ပိုးရေးလုပ်ငန်းများကို အမြန်ဆုံး အရှိန်မြင့် ဆက်လက်ကူညီထောက်ပံ့လျက်ရှိသည်။

အဆိုပါ ယမ်းပျော့ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအနက် ပေါက်ကွဲမှု ဗဟိုချက်မှ အနီရောင်သတ်မှတ်ဇုန် (မီတာ ၁၅၀ အတွင်း)ရှိ နေအိမ်စုစုပေါင်း (၅၆) လုံးအား သတ်မှတ်စံနှုန်းများနှင့်အညီ စုစုပေါင်း ငွေကျပ် သိန်း (၂၁,၄၉၀)ဖြင့် ထောက်ပံ့ကူညီပေးခဲ့ပြီးဖြစ်ပါသည်။

အလားတူ ဇွန်လ (၂၉) ရက်နေ့လည်း ယမ်းပျော့ပေါက်ကွဲမှုဗဟိုချက်မှ သတ်မှတ်ထားသော လိမ္မော်ရောင်ဇုန် (မီတာ ၁၅၀ မှ ၃၅၀ အတွင်း)ရှိ နေအိမ်စုစုပေါင်း (၁၈၆)လုံးအား ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် သတ်မှတ်စံနှုန်းများအပေါ် အခြေခံ၍ ထောက်ပံ့ကူညီငွေ စုစုပေါင်း ကျပ်သိန်း (၂၁,၆၇၆) ပေးအပ်ခဲ့ပြီး အဝါရောင်ဇုန် (မီတာ ၃၅၀ မှ ၅၀၀ အတွင်း)ရှိ နေအိမ်စုစုပေါင်း (၂၅၃) လုံးအားလည်း ပျက်စီးဆုံးရှုံးမှုအဆင့်အတန်းများအလိုက် ထောက်ပံ့ကူညီငွေ စုစုပေါင်း ကျပ်သိန်း (၂၅,၃၀၆) တို့ကို ဇွန်လ (၂၉)ရက်နေ့တွင် အသီးသီးပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

၎င်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြန့်ကြာနေခြင်းသည် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ၏ ထောက်ပံ့ကြေးတန်ဖိုးကို တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ၊ စာပေယဉ်ကျေးမှုများ၊ လူမှုအဖွဲ့အစည်းများ (CSO)၊ ဒေသခံလက်သမားများနှင့် ကျေးရွာဥက္ကဋ္ဌများ ပူးပေါင်း၍ နေအိမ်တစ်လုံးချင်းစီကို ကွင်းဆင်းစစ်ဆေးကာ ဆုံးရှုံးမှုတန်ဖိုးများအား အသေးစိတ်တွက်ချက် သတ်မှတ်လျက်ရှိသောကြောင့် ဖြစ်ပါသည်။ ၎င်းပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှု ရာခိုင်နှုန်း (၈၀) မှ (၁၀၀)အတွင်းရှိ နေအိမ်များကို သတ်မှတ်စံနှုန်းများနှင့်အညီ ထောက်ပံ့ကြေးငွေများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။

ယမ်းပျော့မတော်တဆပေါက်ကွဲမှုဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များအား အားပေးကူညီနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇွန်လ (၇)ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ကွယ်လွန်သူ စုစုပေါင်း (၄၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သိန်း (၁၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း (၄,၃၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် ကွယ်လွန်သူများ၏ ကောင်းရာသုဂတိလားစေရန် ရည်စူး၍ စုပေါင်းရက်လည်ဆွမ်းကျွေး တရားနာအလှူတော်ကို စီစဉ်ကျင်းပပေးခဲ့သည့်အပြင် ကျန်ရစ်မိသားစုဝင်များအနေဖြင့် ရက်လည်အလှူတော်ကို အဆင်ပြေစွာ ကျင်းပနိုင်ရေးအတွက် ကုန်ကျစရိတ်ထောက်ပံ့ငွေအဖြစ် ကွယ်လွန်သူတစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄၁၀)သိန်းကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုနည်းတူ ဇွန်လ (၁၈)ရက်နေ့လည်း ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာစုစုပေါင်း (၁၃၉)ဦးအား ဒဏ်ရာပြင်းထန်မှုအခြေအနေပေါ်မူတည်၍ အဆင့် (A+)၊ (A)၊ (B)နှင့် (C)ဟူ၍ ခွဲခြားသတ်မှတ်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ထိုသို့ ထောက်ပံ့ရာတွင် အဆင့် (A+) ပြင်းထန်လူနာ တစ်ဦးလျှင် ငွေကျပ် သိန်း (၅၀)၊ အဆင့် (A) လူနာ တစ်ဦးလျှင် ငွေကျပ် သိန်း (၄၀)၊ အဆင့် (B) လူနာ တစ်ဦးလျှင် ငွေကျပ် သိန်း (၃၀) နှင့် အဆင့် (C) လူနာများအား ဒဏ်ရာအခြေအနေပေါ်မူတည်၍ တစ်ဦးလျှင် ငွေကျပ် (၅)သိန်းမှ (၁၀)သိန်းအထိ သတ်မှတ်ထောက်ပံ့ခဲ့ပြီး စုစုပေါင်း ငွေကျပ် သိန်း (၁,၉၂၀)ကို ကူညီထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည်အထိ အခမဲ့ဆေးဝါးကုသမှုများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။
၎င်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မစတင်မီကာလအတွင်း ပြည်သူများ အဆင်ပြေစွာ ယာယီနေထိုင်နိုင်ရေးအတွက် ယာယီအမိုး အကာများကို စီစဉ်ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေးဆိုင်ရာ အထောက်အပံ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါသည်။
ထို့ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက စားနပ်ရိက္ခာ၊ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အခြားလိုအပ်သည့် အထောက်အပံ့များကို ပေးအပ်လှူဒါန်းခဲ့ကြသည့်အပြင် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီထံသို့လည်း ငွေကြေးနှင့် ပစ္စည်းများကို စေတနာထက်သန်စွာ လှူဒါန်းပံ့ပိုးခဲ့ကြပါသည်။
ယင်းသို့ ပါဝင်ကူညီပေးခဲ့ကြသော ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် ပြည်ပရှိ မေတ္တာ၊ စေတနာ အလှူရှင်တစ်ဦးချင်းစီအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ