1857

အမျိုးသမီးခေါင်းဆောင်မှု (SheLeads Academy) သင်တန်းကျောင်း အပတ်စဥ် (၁) ဖွင့်ပွဲကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
07 May 2026

အမျိုးသမီးခေါင်းဆောင်မှု (SheLeads Academy) သင်တန်းကျောင်း အပတ်စဥ် (၁) ဖွင့်ပွဲကျင်းပပြီးစီးခဲ့ 


နမ့်ဆန်၊ မေ ၇ ရက် 

တအာင်းပြည်သတင်း 


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့တွင် PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာမှ ဦးဆောင်သည့် အမျိုးသမီးခေါင်းဆောင်မှု (SheLeads Academy) သင်တန်းကျောင်း အပတ်စဥ် (၁) ကို ပြီးခဲ့သည့် မေလ (၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီးစီးခဲ့ပါသည်။ 



ထိုအခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ၏ ဒုဥက္ကဌ (၁) ဒီဒီမိုးခမ်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုစုစုပေါင်း လူဦးရေ (၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။ 



အမျိုးသမီးခေါင်းဆောင်မှုသင်တန်းကျောင်းကို တက်ရောက်ရန်သတ်မှတ်ချက်အနေဖြင့် အသက် (၁၈)နှစ်မှ (၂၇)နှစ်အကြားရှိရမည်ဖြစ်ပြီး ပညာရေးသတ်မှတ်ချက်အနေဖြင့် ပညာရေးစနစ်ဟောင်းဖြစ်ပါက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးမြောက်သူများနှင့် ပညာရေးစနစ်သစ်ဖြစ်ပါက Grade (၁၂) အောင်မြင်သူများပြီးမြောက်သူများဖြစ်ကြသည်။ 


အပတ်စဥ် (၁) သင်တန်းကျောင်းကို ကျောင်းတက်ရောက်မည့် ကျောင်းသူစုစုပေါင်း (၁၀) ဦးရှိပြီး Semester (၃) ခုဖြင့်ခွဲ၍ သင်ကြားရေးကာလအားဖြင့် (၂၆)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်ကြားရေးကာလအတွင်း အခြေခံလူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဘာသာရပ်များ၊ အင်္ဂလိပ်ဘာသာစကားနှင့် တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်တို့ကို သင်ကြားသွားမည်ဖြစ်သည်။


ဤကျောင်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့အစည်း၏ သက်ဆိုင်ရာဦးဆောင်မှုအခန်းကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍနှင့် မူဝါဒမှတ်သည့် လုပ်ငန်းစဥ်တို့တွင် ပို၍ ပူးပေါင်းပါဝင်လာနိုင်စေရန်နှင့် ဦးဆောင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အမျိုးသမီးခေါင်းဆောင်မှု (SheLeads Academy) သင်တန်းကျောင်း အပတ်စဥ် (၁) ဖွင့်ပွဲကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်